ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီလ ၇ ရက်

ချင်းပြည်နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်တစ်ချို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး ထုတ်ပြန်ထားကြောင်းဒေသခံများထံမှ သိရသည်။

ဟားခါးမြို့၊ မတူပီမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့နယ်တို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို မြို့တွင်းတွင် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ လော်စပီကာဖြင့် ဆော်အောနေသလို ရပ်ကွက်အုပ်ချုပ်ရေးရုံးကနေလည်း အသိပေးနှိုးဆော်နေကြောင်းဒေသခံများက ပြောသည်။

“စစ်အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူလူထုတွေက အလိုက်သိသိနဲ့ ညဘက်တွေမှာ အပြင်သိပ်မထွက်ကြတော့ဘူး။ မြို့ဆိုပေမယ့် ညမထွက်ရအမိန့်မထုတ်ပြန်ခင်ကတဲ့က မြို့ထဲညဘက်တွေမှာ ခြောက်ကပ်နေပြီ။ အခုလည်း ည ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထပ်မံထုတ်ပြန်ထားတယ်။ ပြည်သူလူထုတွေအတွက်တော့ ထူးခြားမှုလို့ကို မထင်တော့တာပါ”ဟု ဟားခါးမြို့နေ အသက် ၃၀ ဝန်းကျင်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီက ညဘက်တွင် အပြင်မထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လာခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်သည် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ပေါ်ဒေသများတွင်သာ အကြုံးဝင်ပြီး ချင်းကာကွယ်ရေးတပ်များထိန်းချုပ်ထားသော နယ်မြေဒေသများတွင် ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်အချို့က ဆိုသည်။

“စစ်ကောင်စီတပ်တွေက မြို့ထဲမှာပဲနေတာဆိုတော့ သူတို့ရဲ့ ထုတ်ပြန်ချက်က မြို့ပေါ်တစ်ခုမှာပဲ အကြုံဝင်တာဖြစ်တယ်။ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကရော စစ်ကောင်စီတပ်က ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေ၊ ဉပဒေတွေကို လိုက်နာစရာမလိုပါဘူး၊ လိုက်နာဖို့လည်း မရှိဘူး”ဟူ CDFရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်၊ မြို့ပေါ်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ညဘက်တွင် ယခင်ကတည်းက အပြင်မထွက်ကြသော်လည်း ညဘက်တွင် အပြင်မထွက်ရအမိန့်ထုတ်ပြန်မှုကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေများကြုံတွေ့ပြီး ဆေးရုံ၊ ဆေးခန်းသွားရောက်နိုင်ရန် ပြည်သူတစ်ချို့အခက်အခဲရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ပြည်သူအချို့က သုံးသပ်ပြောဆိုထားသည်။

#စစ်အုပ်ချုပ်ရေး #စစ်ကောင်စီ #ချင်း #မြို့နယ် #ညမထွက်ရ #အမိန့် #ထုတ်ပြန်
#Ayeyarwaddy_Times