ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ လျှပ်စစ်ရုံးရှေ့ရှိ ဂိတ်စောင့်ရဲကင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၆ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်က လက်လုပ်မိုင်းဖြင့် အပစ်ခံရကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ၈၅လမ်း/၈၆လမ်းရှိ လျှပ်စစ်မီတာရုံးရှေ့ ရဲကင်းကို မြို့ပြ ပြောက်ကျားအဖွဲ့က “အောင်စည်တော်စစ်ဆင်ရေး” အဖြစ် လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံက သိရသည်။
“အဲ့ဒီ လျှပ်စစ်မီတာရုံးမှာ အစောင့်က နှစ်ယောက်သုံးယောက် အမြဲရှိတယ်။ အထိခိုက်တော့ သေချာမသိရသေးဘူးဗျ။ မီးမမှန်ဘဲ ပြည်သူတွေဆီကနေ မီတာခတွေ မတရားကောက်နေတာတွေ ရပ်တန့်ဖို့ သတိပေးတာပါ။ ဖိနှိပ်ခံနေရတဲ့ ပြည်သူကိုယ်စား ကျွန်တော်တို့ “ဖိရင်ကြွ ထိရင်ချ” မူအတိုင်း ဆက်လက် လုပ်ဆောင်မှာပါ။ စီးပွါးရေး ကျပ်တည်းနေချိန်မှာ မတရား ငွေညှစ်ထုတ်နေတဲ့ အခုရုံးမှ မဟုတ်ပါဘူး။ မြို့နယ်တိုင်းမှာ ရှိနေတဲ့ လျပ်စစ်မီတာရုံး အားလုံး ဆက်လက် သတိပေးလုပ်ဆောင်သွားမှာပါ” ဟု အောင်စည်တော်စစ်ဆင်ရေး ပြန်ကြားရေးတာဝန်ခံ ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက် နေ့က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၆လမ်း ၈၃လမ်းနှင့်၈၄လမ်းကြားရှိ အင်းဝဘဏ် ရဲကင်းကို အောင်စည်တော်စစ်ဆင်ရေး အဖြစ် မိုင်းခွဲသတိပေးခဲ့ကြောင်း အောင်စည်တော်အဖွဲ့ထံက သိရသည်။