ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ထောင်၀င်စာပို့ခွင့် ပိတ်ပင်ခံထားရသည်မှာ ၁ လရှိပြီဖြစ်တဲ့အတွက် နိုင်ငံရေး အကျဥ်းသားများရဲ့ဘကျန်းမာရေးအခြေအနေကို
စိုးရိမ်မှုနေတယ်လို့ မိသားစု၀င်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ် တွေနဲ့ ရဲတွေက အကြမ်းဖက် ရိုက်နှက်တာတွေ ပြုလုပ်ချိန်မှ စတင်တာ ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်သားတစ်ဦးရဲ့ မိသားစု၀င်တွေက ပြောပါတယ်။
“ကျန်ခဲ့တဲ့လက ပုသိမ်ထောင်မှာ နိုင်ကျဥ်းတော်တော်များများ အရိုက်ခံလိုက်ရတယ်။ အဲ့ဒီတည်းက ထောင်၀င်စာပိတ်လိုက်တာ။ ကျန်းမာရေးကောင်းရဲ့လား ထိခိုက်ဒဏ်ရာသက်သာရဲ့လားလဲမသိရဘူး။ အရင်ကဆိုထောင်၀င်စာပို့ရင်တွေ့ခွင့်ရသေးတယ်။ အခုကစိုးရိမ်နေရတယ်။ ပုသိမ်မြို့နယ်တရားရုံးမှာ ရုံးထုတ်လာတဲ့လူတွေနဲ့ အစားအ သောက်လေးတွေထည့်ပေးလိုက်တော့လဲ ထောင်ဗူး၀မှာအသိမ်းခံလိုက်ရတယ်”လို့ နိုင်ငံရေးအကျဥ်သားတစ်ဦးရဲ့ မိသားစု၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်ထောင်မှာဘထောင်၀င်စာပေးပို့မှု မပိတ်သိမ်းခင်အချိန်က အမိန့်မချရသေးတဲ့ နိုင်ငံရေး အချုပ်ထောင်သမားများအတွက် အဂ်ါ၊ ကြာသပတေး၊ စနေ (၃)ရက် သတ်မှတ်ထားပြီး၊ အမိန့်ချပြီးသား နိုင်ငံရေးအကျဥ်းသားများအတွက် ဗုဒ္ဓဟူး၊ သောကြာ (၂) ရက်သတ်မှတ်ထားကာ တစ်ဦးကို ဟင်း ၃ ဘူးနဲ့ မိသားစုနဲ့စကားပြောခွင့်ရတယ်လို့ မိသား၀င်တွေကပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၈ ဦးကို ထောင်ဝန်ထမ်းများက သေလုမျောပါးဖြစ်တဲ့အထိရိုက်နှက်တိုက်ပိတ်ထားခဲ့ပြီး၊ ၆ ရက်နေ့မှာ
တော့ တိုက်ပိတ်ခံထားရတဲ့ နိုင်ကျဥ်းတွေကို ပြန်ထုတ်ပေးဖို့တောင်းဆိုတဲ့ နိုင်ကျဥ်း ၇၀ ဦးခန့်ကို စစ်ကောင်စီတပ်များနှင့် ရဲများက အကြမ်းဖက် ရိုက်နှက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်များနှင့် ရဲများ၏ အကြမ်းဖက်မှုတွေကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“၆ ရက်နေ့မှာ ရိုက်နှက်ခံရပြီးတော့ နိုင်ကျဥ်း ၂၀ လောက်ကို ဦးဆောင်သူလို့စွပ်စွဲပြီး ထောင်ဝန်ထမ်းတွေက တိုက်ပိတ်ထားတယ်။ အဲ့ဒီနေ့ကစပြီး နိုင်ငံရေးအကျဥ်းသားတွေကို ထမင်းတစ်နပ်ပဲကျွေးတယ်။ နိုင်ကျဥ်းတွေက ၃ ညဆက်တိုက်လောက် သွေးသစ္စာသီချင်းတွေ အော်ဆိုမှ ထ မင်း ၂ နပ်ပုံမှန်ပြန်ကျွေးတာပါ”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါ့ပြင် ပုသိမ်ထောင်အကြမ်းဖက်ခံရမှုဖြစ်စဥ်အပြီးမှာယခင်က နိုင်ငံရေး အကျဥ်းသားတွေကိုသီးသန့်ထားရာကနေယခု အခြား ရာဇ၀တ်မှုအကျဥ်းသားတွေနဲ့အတူရောထားတယ်လို့သိရပြီး နိုင်ငံရေးအကျဥ်းသားတွေရဲ့အခြေအနေကို ပြန်စောင့်ကြည့်ခိုင်းထားတယ်လို့ သူက ဆက်လက်ပြောပါတယ်။
အကြမ်းဖက်ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း အကျဥ်းထောင် ဥပဒေ (၄၂)ဖြစ်တဲ့ တားမြစ်ပိတ်ပင် ထားသောပစ္စည်းများအား အကျဉ်းထောင်အတွင်းသို့ ထုတ်သွင်းခြင်း ဆက်သွယ်ခြင်းများအား တရားစွဲဆို ဖမ်းဆီးခွင့်အာဏာနဲ့ စစ်ဆေးအရေးယူမှုများ ပြုလုပ်ကာ ထောင်ဒဏ် ၆ လစီထပ်မံချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်နှင့် အကျဥ်းသူ ၇၀ ဦးခန့်ရှိနေပြီး၊အဆိုပါ နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးကနေထောင်ဒဏ်ချမှတ်ခြင်းကိုခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ရှေ့နေအသိုင်း အဝိုင်းနှင့်နီးစပ်သူများထံက သိရပါတယ်။