ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့ကစလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အင်အားကြီးအနောက်နိုင်ငံတွေ တွေ့ဆုံမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာကို NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေကနေ မြင်တွေ့ရမှာပါ။
ဇန်နဝါရီလ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိမှာ NUG ဟာ အမေရိကန်၊ ပြင်သစ်နဲ့ ယူကေ စတဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ အောက်လွှတ်တော်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နဲ့ လက်ထောက် ဒုဝန်ကြီး Mrs. Melissa Brown တို့ အဖွဲ့ ဟာ အမျိုးသား ညီညွတ်ရေး အစိုးရက (NUG)ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အချို့နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ၀င်းမြတ်အေး၊ ဦးအောင်မျိုးမင်းတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ပြင်သစ်အောက်လွှတ်တော်မှာ ပြင်သစ်-မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌ အောက်လွှတ်တော်အမတ် Mr Alain David နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကို မြင်တွေ့လာရတာကြောင့် အနောက်အင်အားကြီးနိုင်ငံတွေနဲ့ NUG ရဲ့ သံတမန်ရေးအရ ဆက်ဆံရေးဟာ စစ်ကောင်စီထက် ပိုမိုသာလွန်မှုကို မြင်သာစေပြီး နွေဦးတော်လှန်ရေး အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ဒါက ဘာကိုပြသသလဲဆိုတော့ စစ်ကောင်စီကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့နိုင်ငံတွေ အများအပြားရှိတယ်။ စစ်ကောင်စီမှာ စီးပွားရေးအရရော သံတမန်ရေးအရပါ ပိတ်ဆို့အရေးယူခံနေရတာတွေရှိတယ်။ NUG ကတော့ လွတ်လပ်စွာနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတယ်နေတယ်။ ဒီလိုတွေ့ဆုံမှုတွေပဲ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးအဆုံးသတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်” လို့ မြန်မာ့နိုင်ငံအရေး လေ့လာသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။