ဧရာဝတီတိုင်းမ်
(လားရှိုး)၊ ဖေဖော်ဝါရီ ၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့နယ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏တပ်မဟာ(၆) စစ်ဒေသအတွင်းရှိ စစ်ကောင်စီတပ် လက်အောက်ခံ မိုင်းယော်၊ ဂျာယန်ပြည်သူ့စစ်စခန်းအား TNLA က ဝင်ရောက်စီးနင်း၍ တအာင်းလူမျိုး ၁၀၀ ကျော်ကို ခေါ်ထုတ်နိုင်ခဲ့ပြီး အသက်မပြည်သူများပါဝင်ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဂျာယန်ပြည်သူ့စစ်စခန်းကို အင်အား ၅၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်း၍ တအာင်းလူမျိုး ၁၂၇ ဦးခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း TNLA၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဂျာယန်ပြည်သူ့စစ်စခန်းအတွင်းသို့ TNLA တပ်ဖွဲများ ဝင်ရောက်စီးနင်းရာတွင် ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ကြောင်း မန်ကောင်းရွာ ဒေသခံများထံက သိရသည်။
” TNLAတပ်တွေက ဂျာယန်ပြည်သူ့စစ်စခန်းထဲကို အရင်ဝင်တယ်။ အဲ့ဒီအချိန်မှာ ပြည်သူ့စစ်စခန်းကနေ သေနတ်သံတွေ ကျွန်မတို့ရွာကနေကြားရတယ်။ နောက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး လာကြဲတယ်။ ၁၂ နာရီလောက်မှာ တစ်ခါ လာကြဲတယ်။ ရွာထဲကိုလည်း ကျတယ်။ ရွာခံတွေ ထိခိုက်မှု ရှိ/မရှိတော့ မသိသေးဘူး”ဟု မန်ကောင်းရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဂျာယန်ပြည်သူ့စစ်သည် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ပြီး ဂျာယန်ကျေးရွာအနီးရှိ တအာင်း လူမျိုးများကို ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက် စီးနင်းရခြင်း ဖြစ်သည်ဟု TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA၏ တပ်မဟာ (၇)တပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း၌ တအာင်း(ပလောင်)လူမျိုး ကျား ၁၁၂ ဦးနှင့် မ ၁၅ ဦးပါဝင်ပြီး အသက် ၈ နှစ်မှ ၁၇ နှစ်အရွယ်အထိ ၂၀ဦး၊ ၁၈ နှစ်မှ ၆၅ နှစ်အရွယ်ထိ ၁၀၇ဦး ပါဝင်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်ရာတွင် ဗုံးသီး အလုံး ၃၀ ထက်မနည်း ပစ်ချခဲ့ပြီး မန်ကောင်းရွာအတွင်းသို့ စစ်ကောင်စီ၏ ခမရ(၅၀၄) မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – TNLA
#Ayeyarwaddy_Times