ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ် အရာရှိ ဗိုလ်ကြီးမြတ်သူကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (KNLA) ထံလွှဲ ပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခမရ (၅၄၅) တပ်ရင်းမှ စစ်ကောင်စီ၏ အရာရှိ ပြန်တမ်းဝင်အမှတ်-၆၂၁၇၉၊ ဗိုလ်ကြီးမြတ်သူသည် ကျုံဒိုးမြို့၊ ကရင်ပြည်နယ်မှနေ၍ မွန်ပြည်နယ်ဘက်သို့ တာဝန်အရ ထွက်ခွာလာစဉ် ကနင်ကမော့ရွာနှင့် အောင်သာယာကျေးရွာကြား ရေး-မော်လမြိုင် လမ်းပိုင်းတွင် Ye Guerrilla Force-YGF အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ကားပေါ်ပါလာတဲ့တစ်ဖွဲ့လုံးက ကျုံဒိုးကပဲ။ သူကတော့ဗိုလ်ကြီးဆိုတော့ ဦးဆောင် လာခဲ့တာ။ ဒီဘက်ခြမ်းကိုတာဝန်အရ လာခဲ့တယ်လို့သိရတယ်။ သူတို့ကို သတင်းအရ ကားတားပြီးစစ်တော့ အရင်ပစ်ပြီး ထွက်ပြေးတာ။ ကျွန်တော်တို့ လိုက်ရှာတော့ ဗိုလ်ကြီးကိုပဲ ဖမ်းမိခဲ့တယ်” ဟု Ye Guerrilla Forceအဖွဲ့ သတင်းပြန်ကြားရေးမှ စောခေတ်သစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် ဗိုလ်ကြီးနှင့်တပ်သား ၅ ဦးပါ အဖွဲ့ကို ရေးမှ မော်လမြိုင်ဘက်သို့လာရာလမ်း‌တွင် YGFအဖွဲ့က စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် ၎င်းတို့ဘက်မှ စတင်ပစ်ခတ်ခဲ့မှုကြောင့် မိနစ်၃၀ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး‌ တပ်သား ၄ ဦးမှာထွက်ပြေးလွတ်မြောက်၍ ဗိုလ်ကြီးကို ဖမ်းမိခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် ဗိုလ်ကြီး မြတ်သူကို အရှင် ဖမ်းဆီးရမိပြီးနောက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးမေးမြန်းကာ သက်ဆိုင်ရာ KNLA ထံ လွှဲပြောင်းပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု YGFထံ က သိရသည်။