ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့အတွက် စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင် တွေကို စေခိုင်းထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ အသံတိတ်သပိတ် လိုင်းပေါ်တင် တာမျိုးတွေနဲ့ လမ်းဘေး စားသောက်ဆိုင်တွေမှာ နိုင်ငံရေးအကြောင်းဆွေးနွေးတာမျိုးတွေက အစ ဖမ်းဖို့ အတွက် စောင့်ကြည့်ခိုင်းထားတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ ညွှန်ကြားချက်ကတော့ တစ်တိုင်းလုံးနေမယ်၊ ဒီပုသိမ်မြို့မှာတော့ ဖေဖော်ဝါရီလဆန်းပိုင်းက စပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အနေအထိုင်ကို စောင့်ကြည့်ခိုင်းထားတာပဲ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းကာစ ဆန္ဒပြပြီး အကျဉ်းကျကာ ပြန်လည်းလွတ်မြောက်လာသူတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူတွေကို စောင့်ကြည့်ပြီး နေ့စဉ် သတင်းပေးပို့ခိုင်းထားတယ်လို့ ဆိုပါတယ်။

နေ့စဉ် နယ်မြေခံရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့က ပေးပို့လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်း အချက်တွေကို စစ်တိုင်းမှူး၊ ရဲတပ်ဖွဲ့မှူးနဲ့ ဝန်ကြီးချုပ်တို့ဆီကို ပေးပို့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။