ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၆ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ယနေ့ မနက်ပိုင်းက အမျိုးသမီးနှစ်ဦး သတ္ထုတွင်းတွင် မြေပိ၍ ၁ ဦး သေဆုံးပြီး တစ်ဦး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၀ နာရီခန့်အချိန်က ဒယ်ကို(Delco)ကုမ္ပဏီ ဧရိယာဝန်းအတွင်း ခဲသတ္တုရှာသည့် မြသီတာရပ်ကွက်က အသက် ၄၇ ဝန်းကျင်အရွယ် ဒေါ်ဝေ နှင့် သတ္တုတွင်း ရပ်ကွက်နေ အသက် ၃၈ ဝန်းကျင်ခန့်အရွယ် ဒေါ်ချောချောတို့ နှစ်ဦး မြေဇာပုံပိ၍ ဒေါ်ချောချော မှာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကာ ဒေါ်ဝေမှာ ကံပေါက် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရပါသည်။
“အခုမြေဇာပုံအဖိခံရတဲ့သူတွေက စစ်တပ်ထောက်ခံတဲ့သူတွေပေါ့။ မြေဇာပုံ အဖိခံရ တဲ့သူနှစ်ဦးကိုတစ်ယောက်က မှောက်ခုံ တစ်ယောက်က ပက်လက်အနေအထားနဲ့ပြန်ရှာတွေ့တာပါ။ သူတို့က ရွာခံတွေမဟုတ်ဘူး။ တစ်ခြားမြို့တွေကနေပြီး ကံပေါက် မှာ အလုပ်လာလုပ်စားကြတဲ့သူတွေပေါ့။ သူတို့နဲ့စကားပြောတဲ့အခါတိုင်း ငါတို့တပ်မတော်ကြီးက အရမ်းကောင်းတယ်။ ငါတို့အဘက ထမင်းကျွေးနေလို့သာငါတို့ အခု အေးဆေးနေရပြီးစားနေရတာပေါ့။အခုဖြစ်တာကလည်းတောင်ပြိုတာမဟုတ်ဘူးဗျ။ဗက်ဟိုး နဲ့ တူပြီးပုံထားတဲ့ မြေကြီးပုံကို အောက်ခြေကနေပြီး သွားတူးကြတာပေါ့။အဲဒီအချိန်မှာမြေဇာပုံကြီးပြိုကြပြီးပိကုန်ကြတာ”ဟု အသက် ၃၀ ဝန်းကျင်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယင်းမြေဇာပုံပိသည့် နေရာသို့ နာရီပိုင်းအကြာတွင် စစ်ကောင်စီ ရေတပ်မှ စစ်ကားနှစ်စီးနဲ့ လူနာတင်ကားတစ်စီးရာက်ရှိလာပြီး အလောင်းကို ကံပေါက် ဆေးရုံသို့သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ မြကန်သာရကွက်နေ ဒေသခံများက ဆိုသည်။
ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရသည့် ဒေါ်ဝေဟာ တပ်မတော် ကောင်းကြောင်းသာ အမြဲပြောဆိုနေသူဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းသားဖြစ်သူဟာ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။
ယခုသေဆုံးမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒယ်ကို ကုမ္ပဏီ ဖက်က ဘယ်လိုတာဝန်ယူပေးမလည်းဆိုတာကိုတော့မသိရသေးပဲ လက်ရှိတွင် သေဆုံးသူ ဒေါ်ချောချော ရဲ့အလောင်းကိုတော့ ကံပေါက်ဆေးရုံတွင် ခွဲစိတ်စစ်ဆေးမှုများပြုလုပ်ပြီး နေအိမ်သို့ ပြန်လည်သယ်ယူလာသည်ဟုသိရှိရပြီး နာရေးအတွက် လိုအပ်နေတဲ့ ငွေ ၅ သိန်းကို တော့ ဒယ်ကို မှ တာဝန်ရှိသူတစ်ဦး ခဏချေးပေးထားကြောင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ မြေဇာပုံ ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသည် ဒယ်ကို ကုမ္ပဏီဖက်မှ အန္တရာယ်ရှိ၍ ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့်တားမြစ်ထားပြီး ယခုဖြစ်စဥ်သည် တားမြစ်ချက်ကို မလိုက်နာပဲ ခိုးဝင်လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။