ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ အာဏာကို မတရားသဖြင့် အဓမ္မသိမ်း ယူခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စတင်ပြီး ယနေ့အချိန်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံဝန်ထမ်းအများအပြားဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးမှာ ပါဝင်လျှက် ရှိနေပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာတော့ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်း မရှိခဲ့တဲ့ လုပ်ခလစာငွေတွေနဲ့ ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလမှာ တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

NUG ရဲ့ ဒီထုတ်ပြန်ကြေညာချက်အပေါ် CDM ဝန်ထမ်းတွေရဲ့ သဘော ဆန္ဒအမြင်တွေနဲ့ တုန့်ပြန်ပြောဆိုတွေကိုတော့ ဧရာဝတီတိုင််းမ်သတင်းဌာနအနေနဲ့ စုစည်းတင်ဆက်ပေး ထားပါတယ်။

CDM ကျောင်းဆရာမ
အာဏာသိမ်း၂ နှစ်အတွင်း အခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရပါတယ်။ အလုပ်လုပ်ဖို့ရာမှာလည်း ကလေး ၂ ယောက်ရှိတဲ့အတွက်ပိုပြီးအဆင်မှုတွေကြုံခဲ့ရပါတယ် NUG အနေနဲ့လစာတွေ ပြန်ပေးမယ်ဆိုတဲ့သတင်းကြားသိတဲ့ အတွက်အတိုင်းမသိ ဝမ်းသာမိပါတယ်။

Non CDM ဝန်ထမ်းတွေနဲလ အားလုံး ပါဝင်မယ်ဆိုရင်တော့ပိုပြီးတော့အဆင်ပြေတာပေါ့တချို့လူတွေလဲသူတို့အကြောင်းရှိတဲ့အတွက်မပြောလိုပါဘူး။ ပြိုင်တူတွန်းရင်တော့ရွေ့နိုင်တာပေါ့။ ပြည်ပရောက် CDMတွေ အနေနဲ့ NUGရဲ့ ထောက်ပံ့မှုက ရသင့်သလောက်တော့ရနေပါတယ်။ ဥပမာ-ရိက္ခာလိုမျိုးတွေပေါ့။ ဒါပေမယ့် အခက်ခဲတစ်ခုကို ရင်ဆိုင်နေရတာက လုံခြုံမှုမရှိပါဘူးရှင့်။ အကယ်၍များ အန္တရာယ် ရှိလာခဲ့ရင်NUG အနေနဲ့ဖြေရှင်းပေးစေ ချင်ပါတယ်ရှင်။

လုပ်သက် ၁၅ နှစ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ CDM အရာရှိတစ်ဦး
အခက်အခဲကတော့ အများကြီးပဲ။ စစ်ဘေးရှောင်တွေထက် ဦးအောင်ရှောင်ရတယ်။ ပြေးလွှားပုန်းအောင်းနေရတော့ ကုန်ကျစရိတ်ကပိုများတယ်။ ဝင်ငွေရဖို့ အလုပ်တွေ ကြံဖန်လုပ်ရတယ်။ ဝင်ငွေပိုကောင်းတဲ့ အလုပ်တွေမှာကျ ဘယ်သူမှ အလုပ်မခန့်ရဲ ကြဘူး။ လက်တွေ့မှာ ကိုယ့်ကိုမှီခိုတဲ့မိသားစုဝင်တွေကို ရရာနည်းလမ်းနှင့် တာဝန်ယူနေရတယ်လေ။

NUG ရဲ့ ဒီထုတ်ပြန်ကြေညာချက်အပေါ် ဘယ်လိုမြင်လဲဆိုတော့ ကြိုဆိုရမယ့် ကိစ္စလို့ထင်ပါတယ်ဗျ။ အနည်းဆုံး အားတစ်ခုတော့ ဖြစ်မယ်လို့ ယူဆပါတယ်။ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အတိုင်း ရာထူးတဆင့်တိုးပေးမယ် ဆိုတာကတော့ လက်တွေ့ဘဝမှာ မလွယ်လှပါဘူး။ ဆုကြေးငွေကို ဘယ်နှစ်နှစ်ခံစား စေမယ်။ ရာထူးတိုးကိစ္စမှာ အဓိက ဦးစားပေးစဉ်းစားပေးမယ် ဆိုတာမျိုးလောက်ပဲ ဖြစ်သင့်တယ်လို့ထင်ပါတယ်။

ပလ္လင်ပေါ်ခွေးတက်ထိုင်နေတဲ့အတောအတွင်း မထုတ်ခဲ့လိုက်ရတဲ့ လစာတွေအကို တလုံးတခဲတည်း ပြန်ထုတ်ပေးမယ်ဆိုတာကတော့ မက်မောစရာပါ။ တချို့က တကယ်မျှော်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ တော်လှန်ရေးအလွန်ကာလ ကိစ္စကို အသာထား။ အခုလောလောဆယ် အမေ့ခံလို ဖြစ်နေတဲ့ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲတွေဖြေရှင်းလို့ရအောင် ထောက်ပံ့ငွေ မပေးနိုင်ရင်တောင် ချေးငွေလို သဘောမျိုးဖြစ်ဖြစ် စီစဉ်ပေးနိုင်မယ်ဆိုရင် အဆင်ပြေမလားလို့ တခါတခါ တွေးမိပါတယ်။

နောက်တစ်ချက်က CDM လုပ်နေစဉ်အတောအတွင်း အသတ်ခံလိုက်ရသူတွေ၊ ဆုံးပါးသွားသူတွေ အတွက်လည်း တခုခုစဉ်းစားပေးသင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က ယုံကြည်ချက်ကိုတော့ ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဘဝတူစီဒီအဲမ်ဝန်ထမ်းတွေကို ဒိနေရာကနေ ဂုဏ်ပြုစကားဆိုချင်ပါတယ်။

CDM ဝန်ထမ်းတစ်ဦး
စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်းမှာ CDM တွေ အဓိက ရင်ဆိုင်ရတာကတော့ လုံခြုံရေးနဲ့ စားဝတ်နေရေးဖြစ်ပါတယ်။ CDM အချို့က ပြည်ပနိုင်ငံနဲ့ လွတ်မြောက်နယ်မြေအချို့ကို ပုန်းရှောင်နိုင်ပေမယ့် အများစုက ပြည်တွင်း မှာဘဲ ဆက်လက်နေထိုင်နေရတာဖြစ်ပါတယ်။ အပြစ်မရှိဘဲ ဖမ်းဆီး၊ ထောင်ချခံရတဲ့ CDM တွေလည်း အများအပြားရှိပါတယ်။

တော်လှန်ရေးကာလအလွန်မှာ CDM တွေကို လစာငွေ တစ်လုံးတစ်ခဲတည်း ပြန်ထုတ် ပေးမယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စပြီး CDM တွေကို ရာထူး တစ်ဆင့်တိုးတယ်လို့ NUG က ထုတ်ပြန်တာဟာ အဓိက motivation ပေးချင်လို့ ဖြစ်တယ်လို့ မြင်မိပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့သာ အရေးကြီးပါတယ်။ တော်လှန်ရေးအောင်မြင်ရင် နိုင်ငံတော်အဆင့် ဆုတံဆိပ်ချီးမြှင့်တာ၊ လစာပြန်ထုတ်ပေး တာတွေကNUG ရဲ့ ကတိအတိုင်း တစ်ကယ် ဖြစ်လာမှာပါ။

အကြောင်းအမျိုးမျိုးကြောင့် CDM မှာ မပါဝင်တဲ့ Non CDM တွေကို အဓိက ပြောချင်တာကတော့ အမှန်တရားဘက်ကနေ မရပ်နိုင်နိုင်ရင်တောင် အမှန်တရား ဘက်တော်သားတွေကို ဒုက္ခမပေးချင်နဲ့လို့ပဲ ပြောချင်ပါတယ်။ တော်လှန်ရေး အလွန်မှာ အမှန်တရားဘက်က မရပ်တည်သူတွေ၊ အာဏာရှင်ဒေါက်တိုင်တွေနဲ့ ပံ့ပိုးသူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမှာဖြစ်ပါတယ်။

CDM တပ်မတော်သားတစ်ဦး
CDM ဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်း ၂ နှစ်ကာလအတွင်း ပြည်တွင်းမှာ ရှိတဲ့ သူတွေဆိုရင်လည်း သူတို့ရဲ့ လုံခြုံရေးကအဓိကပေါ့။ ကျန်းမာရေး၊ စားဝတ်နေရေး အစစအရာရာ အကုန်လုံးကတော့ ဒုက္ခရောက်တာပေါ့။ ပြည်တွင်းကသူတွေပိုပြီတော့ ဂရုစိုက်ရတာပေါ့။ ပြည်ပမှာရှိတဲ့သူတွေရဲ့ အဓိက အခက်အခဲကတော့ စားဝတ်နေရေး ပေါ့။

NUG အနေနဲ့ CDM ဝန်ထမ်းတွေရဲ့ လစာတွေကို ပြန်ထုတ်ပေးမယ်လို့ ကြေညာ ထားတယ်။ ကျွန်တော်တို့ CDM ဝန်ထမ်းတစ်ယောက်အနေနဲ့ အဲ့ဒီလိုပြန်လုပ်ပေးမယ် ဆိုတာကတော့ အတိုင်းထက်မသိဝမ်းသာတာပေါ့။ တကယ်လည်း အဲ့ဒီလိုမျိုး ကိစ္စတွေ အကောင်ထည်ဖော်မယ်ဆိုလို့ရှိရင် ပိုကောင်းတာပေါ့။

စစ်ကောင်စီဘက်ကနေပြီး ရွာတွေဝင်ရှင်းတာတို့ ကိုယ်ကိုတိုင်တွေ့ ကြုံခဲ့ရတာမျိုး ရှိတယ်။ ကိုယ်တိုင်မြင်ခဲ့ရဲ့သားနဲ့ ဘာဖြစ်လို့ ဒီထဲမှာ ဆက်နေချင်ရတာလဲ။ ရွာတွေမီးရှို့တယ်။ ကိုယ်ကိုတိုင်လည်းပါခဲ့မှာပဲ။ ဘာလို့ဒီထဲမှာ ဆက်ရှိချင် နေချင်တာ လည်းပေါ့။ ဘာတွေ မက်မောပြီး ဘယ်သူ့အတွက်အလုပ်လုပ်နေ အသက်ပေးနေ ကြတာလည်းပေါ့။ ပြီးတော့ အပြစ်မရှိတဲ့သူတွေကိုသတ်တယ်။ အဲ့လူတွေထဲမှာ ကိုယ့်မိသားစုတွေပါရင် ဘယ်လိုခံစားရမလဲပေါ့။ ဒါမျိုးတွေကို လက်တွေ့ကျကျလေး စဥ်းစားပြီတော့ မြင်စေချင်တာပေါ့ဗျာ။ အကောင်းဘက်က မြင်စေချင်တာပေါ့ဗျာ။

တိုင်းပညာရေးရုံးမှ CDM ပညာရေးဝန်ထမ်း
CDM စလုပ်ပြီဆိုကတည်းက အခက်အခဲတွေတော့ အများကြီးပဲ။ ဒီတခေါက်မှာ အာဏာရှင်စနစ်အမြစ်မပြတ်ခဲ့ရင် နောင်ဘယ်တော့မှ ဆက်ပြီးတွန်းလှန်နိုင်ဖို့ မလွယ်တာကြောင့် ဒီလမ်းကို ဆုံးအောင်လျှောက်မယ်ဆိုပြီး အားတင်းပြီး ရှေ့ဆက်နေရတာပါ။ ၂ နှစ်အတွင်းမှာ ကြုံသလိုစျေးရောင်းရင်း မိသားစုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။

NUG က လစာတွေ ပြန်ထုတ်ပေးမယ်ဆိုတော့ ဝမ်းသာရတာပေါ့။ ကျွန်တော်တို့လိုပဲ ရရာအလုပ်လုပ်ပြီး CDM ခရီးရှေ့ဆက်နေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက်လည်း အားဖြစ်စေခဲ့ပါတယ်။ ရာထူးတိုးဖို့ဆိုတာကိုတော့ မမျှော်လင့်ပါဘူး။ တော်လှန်ရေးပြီးတဲ့ တနေ့မှာတော့ ပြည်သူ့အစိုးရထံမှ ပြန်ပြီး တာဝန်ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ CDM ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ်စီအခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ ဒါနောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် မယိမ်းမယိုင်ပဲ အဆုံးထိဆက်ပြီး တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

Non – CDM ဝန်ထမ်းတွေကိုလည်း အမြန်ဆုံးပြည်သူ့ဘက်မှာ ရပ်တည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် လက်ရှိအလုပ်ကို မစွန့်ရဲသေး တာကို နားလည်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီအတွက် ကိုယ့်လက်ကိုယ် သွေးစွန်းခံနေတာလို့ပဲ ပြောလိုပါတယ်။ အိပ်ရာဝင်တိုင်း လိပ်ပြာလုံ နိုင်ကြပါစေ။

ဓာတ်ပုံ – RFA၊Myanmar Now၊Frontier Myanmar၊ Shan News
#NUG #CDM #ဂုဏ်ပြုချီးမြှင့်ခြင်း #ထုတ်ပြန်ကြေငြာချက် #တုန့်ပြန်ဖြေကြားချက်
#Ayeyarwaddy_Times