ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာတရွာမှ မျိုးနွယ်စုသင်္ချိုင်းထဲတွင် လူ ၂ ဦး မြေကျင်းတူးနေသည်။ ထို့နောက် ချင်းစောင်ဖြင့်ထုပ်ထားသည့်အသက်မဲ့နေသော မွေးကင်းစကလေးအလောင်းကို မြေကျင်းထဲချလိုက်ပြီး မြေဖို့လိုက်ကြသည်။ အဆိုပါကလေးငယ်မှာ မီးဖွားဖို့ဆေးခန်းသွားနေစဉ် မိခင်ဝမ်းဗိုက်အတွင်း၌ သေဆုံးခဲ့သည့် ကလေးငယ် ဖြစ်သည်။

“အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးက နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့ ရွာမှာမီးမဖွားနိုင်လို့ အနီးဆုံးရွာက ကျေးလက် ကျန်းမာရေးဌာနကိုသွားတာ။ လမ်းမှာတင် အချင်းကွာကျပြီး သွေးထွက်လွန်လို့ ကလေးက ဗိုက်ထဲတင်ဆုံးသွားတာ”ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက ဝမ်းနည်းဖွယ်ရာအဆိုပါအဖြစ်အပျက်ကို ပြောပြသည်။

မိခင်ဖြစ်သူကို ကျန်းမာရေးဌာနက အသက်ကယ်ဆယ်နိုင်ခဲ့သော်လည်း ကလေးငယ်မှာ သေဆုံးခဲ့သဖြင့် မိသားစုက ကလေးအလောင်းကို ရွာပြင်ရှိ မျိုးနွယ်စုသင်္ချိုင်း၌ မြှုပ်နှံခဲ့ကြသည်။ အဆိုပါ အဖြစ်အပျက်မှာ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ မင်းတပ်မှာက တမြို့နယ်လုံးမှာ စစ်ဖြစ်နေတော့ အကုန်လုံးက စစ်ဘေးရှောင်တွေချည်းပဲလို့တောင် ပြောလို့ရတယ်။ ဒုက္ခတွေအများကြီး ရောက်ကြတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်တွေက ဒုက္ခအရောက်ဆုံးပဲ”ဟု စစ်ဘေးရှောင်များကို ကူညီနေသူ မင်းတပ်ဒေသခံက ပြောပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၄ လအကြာ ၂၀၂၁ ခုနှစ်၊ မေလတွင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၌စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းစစ်တပ်ကို ဒေသခံချင်းတိုင်းရင်းသားများက တူမီးသေနတ်ကိုင်စွဲပြီး ခုခံတော်လှန်စစ် ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကာလမှစတင်၍ စစ်ကောင်စီက ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသ ၂ ခုစလုံးကို ထိုးစစ်ဆင်ခဲ့ပြီး နယ်မြေခံ ချင်းအမျိုးသားတပ်ဦး – CNF၊ ချင်းပြည်သူ့ကာကွယ်ရေးတပ် – CDF နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF တို့က ခုခံတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တစ်ခုလုံး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အဆိုပါစစ်ပွဲများကြောင့် ဒေသခံ ချင်းလူမျိုး ၁ သိန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ တချို့က နယ်စပ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ပြေးဝင်ခိုလှုံကြသည်။ တချို့က ချင်းပြည်နယ်ပြင်ပရှိ ဆွေမျိုးများထံ သွားရောက် နေထိုင်ကြပြီး အချို့သော စစ်ဘေးရှောင်များမှာ မိမိမြို့နယ်အတွင်းရှိ စစ်မဖြစ်သောကျေးရွာများ၌ သွားရောက်ခိုလှုံ ရှောင်တိမ်းခဲ့ကြသည်။

စစ်ကောင်စီ၏ထိုးစစ်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးရချိန်တွင် ချင်းတိုင်းရင်းသူကိုယ်ဝန်ဆောင်မိခင်များလည်း ပြေးရတော့သည်။ နေ့စေ့လစေ့ကိုယ်ဝန်ဆောင်မိခင်များမှာ ပြေးရင်းလွှားရင်း ၎င်းတို့ရင်သွေးများကို ရောက်ရာအရပ်၌ ဖြစ်သလို မွေးဖွားနေကြရသည်။

“ကျွန်မကလေးမွေးတုန်းက ကလေးချက်ကြိုးဖြတ်စရာ ဘလိတ်ဓားမရှိလို့ အဲဒီအိမ်က ဟင်းသီးဟင်းရွက်လှီးတဲ့ မီးဖိုချောင်ထဲကဓားနဲ့ပဲ ချက်ကြိုးဖြတ်ခဲ့ရတယ်”ဟု မတူပီမြို့နယ်မှ ကလေးမိခင် စစ်ဘေးရှောင် ဒေါ်မေရီ (အမည်လွှဲ) က ဧရာ၀တီတိုင်းမ်ကို ပြောပြသည်။

စစ်ဘေးရှောင်ရင်း ပြေးလွှားနေရသူ ကိုယ်ဝန်ဆောင်တို့အဖို့ ကလေးမွေးဖို့ ဆေးရုံဟူသည်က စိတ်ကူးထဲ မထည့်ရဲသည့် အခြေအနေ ဖြစ်သည်။ ဆေးရုံများက မြို့ပေါ်တွင်ရှိနေသဖြင့် သွားလာဖို့က လမ်းခရီး၌ တိုက်ပွဲများ ရှိသည်။ စစ်ကောင်စီတပ်၏ဂိတ်စခန်းများကို ဖြတ်ရမည်။ ခရီးလမ်းက ကြမ်းတမ်းသလို ရာသီဥတု ဆိုးရွားမှုကလည်း ရှိသည်။ ထိုအရာတွေဖြတ်သန်းပြီး ဆေးရုံရောက်ခဲ့လျှင်လည်း ပေးရမည့်ငွေကြေးကို သူတို့ မတတ်နိုင်ကြပေ။

ယင်းအခြေခံအကြောင်းတရားတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များအဖို့ ကလေးမီးဖွားဖို့ အားကိုးရာက အရပ်လက်သည်များသာ ရှိသည်။

“စစ်ဘေးရှောင်နေတဲ့ ကိုယ်ဝန်ဆောင်တွေက လက်သည်နဲ့ပဲ မွေးတယ်။ ဆေးရုံဆေးခန်းသွားဖို့ဆိုတာက အခက်အခဲက အများကြီးလေ။ ဟိုကတည်းက မိဘစဉ်ဆက် လက်သည်နဲ့ပဲ မွေးခဲ့ကြတော့ လက်သည်ကို သူတို့ယုံကြပါတယ်။ ခက်တာက အရပ်လက်သည်ဆိုတာက ကျန်းမာရေးအသိအားနည်းတယ်။ အဲတော့ ကလေးမီးဖွားရာမှာ မီးဖိုချောင်မှာ မွေးလိုမွေး၊ တွေ့တဲ့ဓားနဲ့ချက်ကြိုးဖြတ်လိုဖြတ်နဲ့၊ မိခင်တွေမှာ ညစ်ညစ်ပတ်ပတ်နဲ့ဖြစ်သလို ကလေးမွေးနေရတာ”ဟု မတူပီမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

ချင်းပြည်နယ်တောင်းပိုင်းရှိ အရပ်လက်သည်အများစုမှာ ကျန်းမာရေးဌာနက စနစ်တကျသင်ကြားပေးထားသူများ မဟုတ်ကြပေ။ မျိုးရိုးစဉ်ဆက် ရပ်ဓလေ့ရွာဓလေ့ဖြင့် ကလေးမီးဖွားသည့်နည်းလမ်းများကို လက်ဆင့်ကမ်းရယူ ခဲ့ကြသူများ ဖြစ်သည်။

ချင်းပြည်နယ်၌ အရပ်သား NLD အစိုးရလက်ထက်က ကျေးရွာများ၌ အရပ်လက်သည်ဖြင့် ကလေးမီးဖွားခဲ့လျှင် အသုံးပြုဖို့အတွက် ဘလိတ်ဓား၊ အရက်ပျံ၊ ဝါဂွမ်းအပါအဝင် မီးဖွားရာတွင်အသုံးလိုသည့်ပစ္စည်းထုပ် ပံ့ပိုးမှုများ ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း အဆိုပါထောက်ပံ့မှုများ လုံး၀မရှိတော့ဟု ဒေသခံများက ဆိုသည်။

“အရပ်သားအစိုးရလက်ထက်က ဆေးရုံဆေးခန်းတွေမှာ မွေးကြတာများတယ်။ တချို့ကလည်း အရပ်လက်သည်နဲ့ မွေးကြတယ်။ ရွာတွေမှာမွေးခဲ့ရင်လည်း လိုအပ်တဲ့ဆေးဝါးပစ္စည်း၊ အသုံးအဆောင်တွေကို အစိုးရက ကိုယ်ဝန်ဆောင် တွေကို ပေးတာ ရှိတယ်။ လိုလိုမယ်မယ်သုံးဖို့ အုပ်ချုပ်ရေးမှူးတွေဆီမှာပါ အပိုပေးထားတာတောင် ရှိခဲ့တယ်။ အာဏာသိမ်းတဲ့ နောက်ပိုင်း ဘာမှထောက်ပံ့တာမရှိတော့ဘူး”ဟု မတူပီမြို့နယ်မှ ဒေသခံအမျိုးသားက ပြောဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း၌ ၂၀၁၀ ခုနှစ်နောက်ပိုင်း ကျေးလက်ကျန်းမာရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ ပိုမိုခန့်ထားနိုင်ခြင်းကြောင့် ဒေသခံကိုယ်ဝန်ဆောင်များမှာ အရပ်လက်သည်နှင့်မွေးဖွားမှု တစထက်တစ လျော့ပါးခဲ့သည်။

သို့သော် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တွင် ကိုယ်ဝန်ဆောင်များမှာ စစ်ဘေးရှောင်ရင်း ရွေးချယ်စရာမရှိသဖြင့် အရပ်လက်သည်များဖြင့်သာ ဖြစ်သလို ကလေးမွေးဖွားနေရသည်ဟု မတူပီမြို့မှ CDM ကျန်းမာရေးမှူးဆရာမတစ်ဦးကလည်း ရှင်းပြသည်။

စစ်ဘေးရှောင်ပြေးလွှားရင်း အခက်အခဲများကြားမှ မွေးဖွားလာသောကလေးငယ်များထဲမှ အချို့မှာ လူ့လောကထဲ ရောက်ပြီး မကြာမီပင် အကြောင်းအမျိုးမျိုးဖြင့်သေဆုံးမှုများရှိနေသည်ဟု ချင်းဒေသခံများက ပြောဆိုသည်။

“မွေးကင်းစကလေးတွေ သေဆုံးရတဲ့အဓိအကြောင်းအရင်းတွေက အာဟာရချို့တဲ့တာ၊ ဆေးဝါး မလုံလောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကတည်းက ဆရာဝန်နဲ့ သေချာ ဗိုက်မအပ်နိုင်တာ၊ ဆေးရုံဆေးခန်းကို အချိန်မီမရောက်တာတွေကြောင့်လည်း ကလေးတွေ သေနေရတယ်”ဟု မတူပီမြို့နယ်မှ CDM ကျန်းမာရေးမှူးဆရာမက ပြောပြသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက မတူပီမြို့နယ်၊ လွေးသာရွာမှာ စစ်ရှောင်ရင်း ကလေး ၄ ဦးမွေးဖွားရာ ၄ ဦးစလုံး သေဆုံး ခဲ့ရသည်ဟု ဒေသခံများကပြောသည်။ ယခုနှစ်ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ အတွင်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးမှာလည်း ကလေးမီးဖွားဖို့ ကျေးလက်ကျန်းမာရေးဌာနသို့ လာရောက်စဉ် လမ်းမှာပင် အချင်းကွာကျ၍ သွေးထွက်လွန်ကာ မိခင်ဝမ်းဗိုက်အတွင်းမှာပင် ကလေးငယ် သေဆုံးခဲ့သည်။

စနစ်တကျကောက်ယူထားသည့် ကိန်းဂဏန်းများ မရှိသော်လည်း ၂၀၂၂ တစ်နှစ်အတွင်း မွေးဖွားပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်ပေါင်း ၂၀ ကျော်အထိရှိခဲ့သည်ဟု ချင်းပြည်နယ်တောင်ပိုင်းမှ စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

“မွေးကင်းစကလေးငယ်တွေ သေဆုံးရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက စစ်ကောင်စီတပ်တွေက ဆေးဝါးနဲ့ ဆေးရုံသုံးကိရိယာတွေကို ဖျက်ဆီးခဲ့တာ၊ သယ်ယူခွင့်ပိတ်ပင်တာတွေကြောင့် ဖြစ်ပါတယ်”ဟု CDM ကျန်းမာရေးမှူးဆရာမက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များမှာ ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ တိုက်ပွဲများပြင်းထန်နေသော ချင်းပြည်နယ် တောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်များသို့ အသင့်စား အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာများနှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူခွင့်ကို ပိတ်ပင်ထားမြစ်ခြင်း၊ ခိုးဖွက်သယ်ယူလျှင် ဖမ်းဆီးခြင်းများ ပြုလုပ်နေဆဲ ဖြစ်သည်။

“စစ်ကောင်စီတပ်က မင်းတပ်ကို ဆေးဝါးနဲ့စားစရာတွေ လုံး၀ကို မသယ်ခိုင်းဘူး။ ရှူးရှဲလက်ဖက်ထုပ်အသေးလေးကအစ အိမ်သုံးဆေးဝါးတွေအဆုံး အကုန်သိမ်းတာ။ အဓိကက CDF တပ်တွေလက်ထဲ ဒါတွေရောက်မယ်ဆိုပြီး သူတို့က လုပ်ပေမယ့် ဒေသခံတွေကို အရမ်းဒုက္ခရောက်စေတယ်။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်လည်းဖြစ်တယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင်မိခင်များမှ မွေးဖွားလာသော ကလေးငယ်များသည် ကာကွယ်ဆေးထိုးရန် မပြောနှင့် ဖျားနာသည့်အခါ ဆေးကုသရန်ပင် မရှိကြောင်း၊ အဖျားသက်သာလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရကြောင်းလည်း ကိုယ်ဝန်ဆောင် မိခင်များက ပြောပြသည်။

“ကျွန်မကလေးဖျားတုန်းက လမ်းခရီးမလုံခြုံလို့ ဆေးခန်းလည်း သွားမပြရဲဘူး။ တိုက်စရာဆေးဆိုလို့ ပါရာစီတမောပဲ ရှိတယ်။ အဲဒီဆေးပြားလေးတိုက်ရင် နေပြန်ကောင်းဖို့ကို ဆုတောင်းနေရတယ်။ ကာကွယ်ဆေးတွေဘာတွေထိုးဖို့ဆိုတာ အဝေးကြီးပါ”ဟု စစ်ဘေးရှောင် ကလေးမိခင် ဒေါ်မေရီက သူမ၏ဒုက္ခကို ပြောပြသည်။

CDF ထိမ်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းများတွင် CDM ကျန်းမာရေးဝန်ထမ်းများက စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျ ဆောင်ရွက်ပေးကြသော်လည်း ဆေးဝါးနှင့် ကုသရေးပစ္စည်းကိရိယာ လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင်တွေကို တတ်နိုင်သမျှတော့ ကူညီပေးနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ကျန်းမာရေးဝန်ထမ်းက မရှိသလောက်ကို အရမ်းနည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲဘော်တွေ ဒဏ်ရာရရင်တောင် ဆေးကုသပေးမယ့် ဆရာဝန်မရှိဘူးဖြစ်နေတယ်။ အဲတော့ စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တဲ့ အခြေအနေ မရှိဘူး”ဟု မတူပီမြို့နယ် CDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ၏အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်သည် စစ်တပ်၏အာဏာသိမ်းမှုနှင့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု၊ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ကာ လုလက်ဖျက်ဆီးမီးရှို့မှု၊ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကြောင့် ပို၍ဆင်းရဲတွင်းနက်ကာ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများအနေဖြင့် အဆိုးရွားဆုံးနှင့် အခက်ခဲဆုံးအခြေအနေများ ရင်ဆိုင်နေကြရသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကောင်းမွန်စွာ ကလေးမီးဖွားရန်အတွက် ဆရာဝန်များထံပြသ၍ ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ပြီး မိခင်နှင့်ကလေးအတွက် လိုအပ်သောဆေးများ သောက်သုံးရန် မဖြစ်မနေလိုအပ်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ဆရာဝန်များက ပြောသည်။

“ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အခြေခံလိုအပ်ချက်က ဆရာဝန်ဖြစ်ဖြစ်၊ ကျန်းမာရေးမှူးဖြစ်ဖြစ် ပုံမှန်ပြဖို့လိုတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကာကွယ်ဆေးထိုးတာနဲ့ ဖောလစ်အက်ဆစ်၊ B-6၊ B-12 (အားဆေး) စသဖြင့် လိုအပ်တဲ့ ဆေးဝါးတွေ ပုံမှန်သောက်ပေးဖို့ လိုတယ်။ အဲ့လိုမဟုတ်ရင် ကလေးတွေက ကိုယ်လက်အင်္ဂါမစုံတာ၊ ဉာဏ်ရည်မပြည့်တာ၊ အသေလေး မွေးတာ၊ ခံနိုင်ရည်အားမရှိဘဲ သေတာတွေ များနိုင်ပါတယ်”ဟု ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ ရောက် လုပ်သက်ရင့် CDM ဆရာဝန်တစ်ဦးက ပြောပြသည်။

ကလေးမီးဖွားသည့်အချိန်တွင်လည်း သန့်ရှင်းစွာနှင့် စနစ်တကျဆောင်ရွက်ခြင်းမရှိပါက သားအိမ်အတွင်း ပိုးဝင်ခြင်း၊ သွေးဆင်းခြင်းစသည့် ရောဂါများဖြင့် မိခင်သေဆုံးနိုင်သည်ဟုဆိုသည်။ မွေးကင်းစကလေးငယ်ကိုလည်း ပိုလီယို၊ ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းအရောင်အသားဝါဘီပိုး ကာကွယ်ဆေးများ ထိုးနှံပေးရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

“ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ တိုက်ကျွေးဖို့က မဖြစ်မနေကို လိုအပ်တယ်ဗျ။ မဟုတ်ရင် ကလေးချက်ကြိုး ဖြတ်တာကအစ မေးခိုင်ပိုးဝင်ပြီးလည်း သေတတ်တယ်။ ကလေးကြီးပျင်းလာမှုတလျှောက်မှာ ရောဂါဒဏ်တွေ ခံနိုင်ရည် မရှိဘဲ သေဆုံးတတ်တယ်။ အခုက စစ်ကောင်စီက ထိုးစစ်ဆင်နေချိန်၊ တိုက်ပွဲပြင်းထန်ချိန်ဆိုတော့ မိခင်နဲ့ကလေးတွေ ဒီလိုကျန်းမာရေး စောင့်ရှောက်မှုတွေမရတာ အရမ်းရင်နာဖို့ကောင်းတယ်”ဟု CDM ဒေါက်တာက ပြောဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်းမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမီးဖွားထားသည့် မိခင်များကတော့ ကျန်းမာရေးစောင့်ရှောက်မှု ရခြင်း၊ မရခြင်းအပေါ် အာရုံမထားနိုင်ဘဲ စစ်ကောင်စီ စစ်ကြောင်းထိုးမှာ၊ လေယာဉ်ဖြင့် ဗု့းလာကြဲမှာကိုပဲ စိုးရိမ်ကြောက်ရွံ့နေကြသည်။

“စစ်ကြောင်းထိုးလာမှာ၊ လေယာဉ်နဲ့ ဗုံးလာကြဲမှာပဲ ကျွန်မတို့မှာ အမြဲစိုးရိမ်နေရတယ်။ စစ်တပ်လာခဲ့ရင် ကျွန်မမှာ ကလေးမွေးထားကစဆိုတော့ ပြေးဖို့မလွယ်ဘူးလေ”ဟု ကလေးမီးဖွားကာစမိခင် ဒေါ်မေရီက သူမ၏စိုးရိမ်မှုကို ပြောပြသည်။

(ဆလိုင်းသန့်စင်နှင့် ဆလိုင်းဗန်ရိုးထန် ပူးပေါင်းရေးသားသည်။)