ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဖေဖော်ဝါရီလ ၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာမှ ပျူစောထီး ခေါင်းဆောင် စီးနင်းလာတဲ့ သုံးဘီးယာဥ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စမ်းလှမ်းကျေးရွာမှာ ဘုရားပွဲကျင်းပဖို့အတွက် ဘုရားထီး ပင့်ဆောင်တဲ့ ရှေ့ပြေးအဖွဲ့မှာ စမ်းလှမ်းရွာ ပျူစောထီးခေါင်းဆောင်အောင်ခင်နဲ့ အဖွဲ့လိုက်ပါလာတဲ့ သုံးဘီးယာဥ်ကို ဒီကနေ့ မနက် ၁၀နာရီခွဲခန့်က ကျေးရွာ လမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ PDF တပ်ဖွဲ့ ဝင်တစ်ဦးက ဆိုပါတယ်။
“ထားဝယ် လေး မြို့နယ် စလုံးကို ဒုက္ခ ပေးနေတာ ပျူစောထီးခေါင်းဆောင် အောင်စိန်ပါ။ သူရဲ့တပည့် ပျူခေါင်းဆောင် အောင်ခင်တို့ သုံးဘီးနဲ့ဆင်းလာနေတယ်လို့ ကျွန်တော်တို့ အဖွဲ့တွေက သတင်းအတိအကျကို ရထားတယ် ။ဒါကြောင့် ကျွန်တော်တို့တွေ လမ်းမှာ ကြိုစောင့် နေပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဲ့သည်လို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့တွေ လိုက်ပါလာတဲ့ သုံးဘီးယာဥ် ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ်ကိုတော့ မသိရ သေးဘူးလို့ ၎င်းကဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဟာ သူတို့ရဲ့ ဌာနေစခန်းတွေဆီကို အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကို အမြဲစောင့်ကြည့်နေတာဖြစ်ပြီး အလျဥ်းသင့်ရင်သင့်သလို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ တပ်ဖွဲ့ဝင်တွေက ဆိုထားပါတယ်။
ဓာတ်ပုံ – လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား မြင်တွေ့ရစဥ်။