ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖော်ဖော်ဝါရီလ ၅ ရက်နေ့ ညဥ့်နက်ချိန်မှ နေအိမ်တွေအတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်း လိုက်လံစစ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် မီးသတ်များက ရပ်ကွက်များအတွင်း ဧည့်စာရင်းများစစ်ဆေးသည့် အပြင် PDF များကို လက်ခံထားပါက ထိရောက်စွာအရေးယူမည် ဟုလည်း ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သာပေါင်းမြို့ခံများက ပြောသည်။
“သူတို့ကတော့ ပြည်သူတွေလုံခြုံဘို့နဲ့ အကြမ်းဖက်တွေရန်ကလွတ်အောင်ဆိုပြီး ပြောကြတယ်။ အခြား ဧည့်သည်တွေနဲ့ PDF တွေလဲ လက်မခံလို့ပြောတယ်။ လက်ခံရင် ထိထိရောက်ရောက်အရေးယူမယ်တဲ့။ လာပြီးတည်းခိုရင်လည်း သူတ်ို့ကိုသတင်းပေးဖ်ို့လဲပြောတယ်။ တစ်ခြားသူတွေမကြောက်ရဘူး။ ဧည့်စာရင်းစစ်တဲ့သူတို့အဖွဲ့တွေ ပဲကြောက်ရတယ်”ဟု အသက် ၄၀ ဝန်းကျင် သာပေါင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် နေအိမ်တွေဝင်ရောက်စစ်ဆေးသည့် ၎င်း အဖွဲ့များသည် သေနတ် တကားကားနှင့် မူးရူးသောက်စားထားကြသူများဖြစ်ပြီး နေအိမ်တွေကို အချိန်အခါမရှိ ဝင်ရောက်ကာ ဧည့်စာရင်း စစ်ဆေးနေတာကြောင့် စိတ်ပျက်စရာကောင်းကြောင်း ၎င်းကပင် ဆက်လက်ပြောဆိုသည်။
ဧည့်စာရင်း ဝင်ရောက်စစ်ဆေးသည့်အဖွဲ့တွင် စစ်ကောင်စီတပ်သားများနှင့်အတူ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ လ.ဝ.ကဝန်ထမ်းများ နှင့် ပြည်သူ့စစ်များပါဝင်ပြီး သာပေါင်းမြို့အမှတ် (၃) ရပ်ကွက်၊ ဥယျာဉ်တန်းလမ်းမကြီး တစ်လျှောက်စစ်ဆေးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ ညစဥ်စစ်ဆေးသွားမှာဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
ဓာတ်ပုံ-သာပေါင်းမြို့တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ဧည့်စာရင်းများ စစ်ဆေးနေသည့်ပုံ