ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဖေဖော်ဝါရီလ ၆ ရက်

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF-Pekhon Zone မှ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ရှမ်း-ကယားနယ်စပ်ရှိ ဆောင်ကန်းရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ အခြေစိုက်နေသည့်စစ်ကောင်စီတပ်နှင့် KNDF တို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးနှင့်အထက်သေဆုံးခဲ့ပြီး ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲဘော်တစ်ဦးကျဆုံးကာ KNDF-03မှ ရဲဘော်၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

” တိုက်ပွဲဖြစ်တာက ဆောင်ကန်းဆိုတဲ့ရှမ်း-ကယားနယ်စပ်ကရွာ၊ စကစဘက်က လက်နက်ကြီးကိုအဓိက ထားပစ်တာ၊ တိုက်ပွဲဖြစ်တဲ့နေရာရော မဖြစ်တဲ့နေရာရောပစ်တယ်၊ အရှေ့အရပ်ကတိုက်ပွဲဖြစ်နေတယ်ဆို အရှေ့ဘက်က နေရာအကုန်ကိုရမ်းပစ်တာ၊ ဘုရားကျောင်း တစ်ကျောင်းလည်းပျက်စီးခဲ့တယ်၊ ပြည်သူတွေက ချက်ခြင်းစစ်ရှောင်ရတယ်၊ သူတို့အဲ့လိုပစ်တော့ ခုထိနေရပ်မပြန်ရသေးဘူး” ဟု အသက် ၃၀ ဝန်းကျင် ဖယ်ခုံဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ခြင်းမရှိသည့် ဝါရီကောခူရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဝမ်းနည်းခြင်းမယ်တော်သခင်မဘုရားကျောင်း ပျက်စီးခဲ့ရာပြီး ရွာအတွင်းရှိ နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်ခဲ့ရကြောင်း Union of Karenni State Youthမှ ထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ဇနနဝါရီလ ၁၀ ရက်ကလည်း စစ်ကောင်စီမှထိုးစစ်ဆင်လာမှုကြောင့် PDF Pekhon တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။