ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ လျှပ်စစ်ရုံးအတွင်း ယနေ့ ဖေ​ဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မှော်ဘီမြို့နယ်ပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။

နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန်ခန့်က မှော်ဘီလျှပ်စစ်ရုံး စီမံဌာနအတွင်း လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် အငယ်တန်းစားရေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လျှပ်စစ်ရုံးနှင့်နီးစပ်သူ တစ်ဦးမှပြောသည်။

“မနက်က လူနှစ်ယောက်၀င်လာတာ။ အထုပ်ကို ဘေး ချလိုက်ပြီး တော်ကြာနေတော့ ပြန်ထွက်သွားတယ်။ ပြီးတော့ထပေါက်တာပဲ။ အ၀မှာက အစောင့်စစ်သား တွေရှိတယ်။ အထုပ်နားမှာ သွားနေမိတဲ့သူတွေ ထိသွားတာ။ ရုံးကအတော်ပျက်စီးသွားတယ်။ ခုတော့ ရုံး ပိတ်ထားလိုက်ပြီ။ စစ်သားတွေရောက်လာပြီးတော့ ‌အစောင့်တွေကို ဆူဆဲသွားတယ်”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် ရုံးခန်းအတွင်း ပျက်စီးမှုများရှိပြီး အငယ်တန်းစာရေး အမျိုးသမီးတစ်ဦး၊ မီတာဖတ်စာရေး အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ပေါက်ကွဲမှုမျိုး ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ရှိ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ‌သိရှိရသည်။