ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် ရက္ခိုင့် တပ်တော် (AA) တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ကိုင်ဆောင်လာသည့် ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ တာဝန်ရှိသူများက မိသားစုဝင်များကို လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်နေ့ ညပိုင်းတွင် AAမှ ဒု-နယ်မြေမှူးဟောင်း တစ်ဦးဖြစ်သည့် ကိုမောင်ချေသည် ကုန်းတန်းကြိမ်ချောင်းကျေးရွာရှိ ဦးအေးထွန်းလှ၏ ဆိုင်သို့ လက်ပစ်ဗုံး တစ်လုံးယူဆောင်လာပြီး ဆိုင်အတွင်း၌ ကိုင်ဆော့နေစဉ် လွတ်ကျကာ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များထံက သိရသည်။

“လက်ပစ်ဗုံးကိုင်လာတဲ့သူက AA ကနေ တာဝန်ရပ်စဲခံထားရတဲ့ ဒု-နယ်မြေမှူး တယောက်ပါ။ သူကအဲဒီနေ့က အရက်မူးမူးနဲ့ကိုင်ပြီးဝင်လာတာ။ ကျွန်တော့်နဲ့ ညီလေး တို့ကလည်းဆေးဝယ်ဖို့လာကြတာ။ အဲဒီအချိန်မှာ သူကလက်ပစ်ဗုံးသီးကို ကိုင်ဆော့ နေရင်း လွတ်ကျသွားတာလို့တော့ ပြောတာပဲ။ အရက်လည်းမူးနေတယ်။ တာဝန် ကလည်းရပ်စဲခံထားရတာဆိုတော့ ဘယ်လိုစိတ်ခံစားချက်ရှိနေတယ် ဆိုတာကိုတော့ မပြောတတ်ဘူး” ဟု သေဆုံးသူကျောင်းသားတစ်ဦး၏ အကိုဖြစ်သူက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသားများဖြစ်သည့် မောင်နေလင်းဌေး နှင့် မောင်တင်မောင်စိုး တို့သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်မျိုးလင်းနိုင်နှင့် မောင်မင်းထက်ကျော်၊ အသက် ၅၀ ကျော်အရွယ် ဦးအေးထွန်းလှ၊ အသက် ၃၀ အရွယ် ကိုမောင်ချေ တို့မှာ ဒဏ်ရာရရှိခဲ့ ကြသည်။

သေဆုံးသွားသည့် ကလေးငယ် ၂ ဦးကို ယမန်နေ့ ၊ ဖေဖော်ဝါရီလ ၅ရက်နေ့ က ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင်ပင် သင်္ဂြိုဟ်ခဲ့ရာ ရက္ခိုင့်တပ်တော် (AA)မှ အရာရှိ တချို့က လာရောက်၍ တောင်းပန်စကားဆိုခဲ့ပြီး ယခုကဲ့သို့ ကျူးလွန်သူကိုလည်း ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ မောင်နေလင်းဌေး၏ အစ်ကို ကိုအောင်တင်ဌေး ထံက သိရသည်။

“ကျူးလွန်သူက လောလောဆယ်ဒဏ်ရာရထားတော့ သူ့ကိုဆေးကုပေးထားတယ်။ နေပြန်ကောင်းလာရင် ပြစ်ဒဏ်ပေးမယ်လို့ပြောတယ်။ သူတို့(AA)အနေနဲ့လည်း လုံးဝ စိတ်မကောင်းဖြစ်ရတယ်ပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြစ်နိုင်ရင် သူကိုယ်တိုင် လာရောက် တောင်းပန်ချင်ပေမဲ့ လာဖို့မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ပဲ လာခဲ့ရတာ ပါလို့ပြောတယ်။ပြီးတော့ အခုလိုနေ့မျိုးကို ကျွန်တော်တို့ တပ်တော်အနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့လည်းပြောသွားတယ်” ဟု ကိုအောင်တင်ဌေးက ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ဒု- နယ်မြေမှူးဟောင်း ကိုမောင်ချေသည် တာဝန်မှ ရပ်စဲခံထားရသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ၎င်း၏ လက်ထဲတွင် ယခုကဲ့သို့ အန္တရာယ်ရှိသည့် လက်နက်ခဲယမ်းများရှိနေသည်မှာ မဖြစ်သင့်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။

“ကျွန်တော်တို့မိသားစုတွေကတော့ ဝမ်းနည်းပူဆွေးယုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ နောက်နောင် ဒီလိုမဖြစ်အောင်ပဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ပေးစေချင်တယ်။ တာဝန်ကရပ်စဲထားတဲ့လူတယောက်လက်ထဲမှာ ဒီလို လက်နက်မျိုး တွေရှိနေသေးတာ။ ကိုင်ပြီးသွားနေတာတွေက မဖြစ်သင့်ဘူး။ AA အနေကလည်း သူ့ဆီကနေ လက်နက်ခဲယမ်းတွေကို ပြန်သိမ်းဆည်း မထားလိုက်တဲ့အတွက် မှားပါတယ် လို့ ပြောသွားတယ်။ ကျွန်တော့် ညီလေးက ဒီလ ၂၈ ရက်နေ့ဆိုရင် ရှင်ပြုတော့မှာ။ အခုလိုဖြစ်သွားတော့ ရင်ထဲမှာ အရမ်းနာကျင်ရတယ် ” ဟု မောင်နေလင်းဌေး၏ အစ်ကို ကိုအောင်တင်ဌေး ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ၅ တန်း ကျောင်းသားတစ်ဦးသည် ရွာနှင့်မိုင်ဝက်ခန့်ဝေးသည့် တောင်တန်းသို့ ငှက်ကိုင်း ထောင်ရန်သွားစဉ် ဗုံးသီးပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။