ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၆ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-Matupi တပ်ရင်း-၂ က ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်စဉ် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Matupi၊ တပ်ရင်း-၂ မှ ရဲဘော် ထန်အုပ်ကျဆုံးသွားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
CDF-Matupi က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခရိုင်ရုံးဘက်သို့ စစ်ဆင်ရေးပြုလုပ်နေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြောင်း CDF-Matupi ထံမှ သိရသည်။
“ခရိုင်ရုံးဘက် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးပြုလုပ်တဲ့အခါ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းမတော်တဆပေါက်ကွဲပြီးတော့ CDF-Matupi၊ တပ်ရင်း-၂ က ရဲဘော်ထန်အုပ်ဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ပြင်းထန်စွာ ရရှိတဲ့ ဒဏ်ရာနဲ့ပဲ မနေ့က ည ၁၁ နာရီမှာ ကျဆုံးသွားပါတယ်”ဟု CDF-Matupi ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
မတူပီ-ပလက်ဝလမ်း၊ မတူပီ-မင်းတပ်လမ်း၊ မတူပီ-ဘွေရာလမ်းနှင့် မတူပီ-ဟားခါးလမ်းတို့တွင် ယခင်၊ ဇန်နဝါရီလက CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၁၈ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းCDF-Matupi၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ တစ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF-Matupiဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၂ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း CDF-Matupi ထံမှ သိရသည်။
#မတူပီ #CDF-Matupi #မိုင်းမတော်တဆမှု #ကျဆုံး
#Ayeyarwaddy_Times