ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ် နှင့် ၆ နာရီခန့်တို့တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်း မြို့နယ်တွင်း ထူးခြားသည့် ဖြစ်စဉ်များကို အသိပေးလေ့ရှိသည့် Thingangyun News Page တွင် ဖော်ပြထားသည်။
“စည်ပင်ရုံးနဲ့ မီတာရုံးမှာ ပေါက်ကွဲတာလို့ သိရတယ်။ အသံဗုံးလို့လည်း ပြောကြတယ်။ အထိခိုက်မရှိဘူးလို့ ကြားတယ်” ဟု အသက် ၃၀ နှစ်ကျော် မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို ယနေ့မွန်းလွဲပိုင်း အချိန်ထိ ထုတ်ပြန်ထားခြင်း မရှိပေ။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မနက် ၆ နာရီလောက်က ကြားလိုက်ရတာ။ လျှပ်စစ်ရုံးနဲ့ စည်ပင်ရုံးမှာ ဖြစ်တာလို့ ပြောတယ်” ဟု အသက် ၄၀ ကျော် အရွယ် မြို့ခံအမျိုးသားက ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ယနေ့ဖွင့်လှစ်မည့် နျူကလီယားစင်တာသို့ လာရောက်ရန်ရှိ၍ လုံခြုံရေးများ အမြင့်ဆုံး တင်းကျပ်ထားကြောင်း သိရသည်။