ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကျေးရွာအုပ်စုအလိုက် ကျေးရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ကင်းတဲများ အာဏာသိမ်း စစ်ကောင်စီမှ မဖြစ်မနေဆောက်ခိုင်းနေပြီး ပြည်သူများကိုလည်း နေ့ရောညပါ ကင်းစောင့်ခိုင်းမှု ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်၊ သြဂုတ်လကတည်းက စတင်ကင်းစောင့်ခဲ့ရပြီး ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တို့မှ ကျေးရွာများ၌ ယခုနှစ် ၂၀၂၃ ခုနှစ်ကျမှ ကင်းစောင့်ရကြောင်း၊ ကင်းမစောင့်ချင်ပါက ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ထိပေး၍ လူစားထိုးစောင့်ခိုင်းရကြောင်း သိရသည်။
” စကစက ကျေးရွာအုပ်စုအလိုက် ကျေးရွာလုံခြုံရေး အကြောင်းပြချက်နဲ့ ကင်းတဲတွေ မဖြစ်မနေဆောက်ခိုင်းတယ်။ ပြည်သူတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်။ ကိုယ့်အလှည့် ကင်းမစောင့်နိုင်ရင် ပိုက်ဆံ ၄၀၀၀/၅၀၀၀ ပေးရတယ်။ တစ်ညကိုပေါ့။ စတာကတော့ တစ်ပတ်လောက်ရှိပြီ။ တချို့ရွာတွေဆို ကင်းစောင့်နေရတာကြာပြီ” ဟု အသက် ၅၀ ကျော်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တို့မှ ကျေးရွာအုပ်စု၊ ရပ်ကျေးပေါင်း ၂၀၀ ကျော်တွင် ညကင်းအပြင် နေ့ကင်းဖြစ်သည့်စာသင်ကျောင်း သီးသန့်ကင်းပါ စောင့်ပေးရပြီး မစောင့်နိုင်ပါက ငွေပေး၍ လူစားထိုးရကြောင်း သိရသည်။
“လေးမြို့နယ်လုံး ညကင်းစောင့်ကြရတယ်။ စာသင်ကျောင်း သီးသန့်ကင်းလည်း စောင့်ပေးရတယ်။ မစောင့်လို့ မရဘူး။ မစောင့်နိုင်ရင် လူစားထည့် ငှားပေးရတယ်။ ပေးရတဲ့ငွေက ၄၀၀၀/၅၀၀၀ ပဲ။ အဓိကက ကားလမ်းမအနီး ရွာတွေနဲ့ ကြံ့ခိုင်ရေး အားကောင်းတဲ့ ရွာတွေဆို နေ့ပါစောင့်ရတယ်။ မအူပင်မြို့နယ်ထဲမှာ သိရသလောက် ညောင်ပင်ကရက်ကျေးရွာ အုပ်စု၊ ရွှေလှေသောင်ကျေးရွာအုပ်စုတွေ နေ့ညစောင့်ရတဲ့ ရွာတွေရှိတယ်” ဟု အသက် ၅၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထိုအပြင် အာဏာသိမ်း စစ်ကောင်စီသည် ဖေဖော်ဝါရီ ၃ ရက်မှစ၍ ပန်းတနော်မြို့နယ်၊ ကသျဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ စစ်သင်္ဘော ၃ စီး အထိုင်ချထားကြောင်း သိရသည်။