ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
စစ်ကိုင်းတိုင်း ၊ ဆားတောင်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်သား ၁၂ ဦးအထိ သေဆုံးခဲ့သည့် မိုင်းဆွဲတိုက်ခိုက်မှုတွင် အသက် ၂၀ အရွယ် ဆေးတပ်သား ရဲမေတစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကျဆုံးရဲဘော်မှာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အသက် ၂၀ အရွယ် ဆေးတပ်သား မစုမွန်ထက်ဖြစ်ပြီး မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ရှင်းလင်းခဲ့သည့် ဒုဗိုလ်နှင့်စစ်ကောင်စီတပ်သား ၃ ဦး ဒလန်လင်မယားနှစ်ဦး တို့၏ ရုပ်အလောင်းများ လာကောက်သည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ကျည်ထိမှန်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ ထံမှသိရသည်။
“ကျွန်တော်တို့ ဒလန်လင်မယားနဲ့ စစ်သား ၄ကောင်ရှင်းပြီတော့ အဲ့အလောင်းလာကောက်မှာသိလို့ အုန်းတော ခေါင်းဆောင်နဲ့ ၀က်လက်ဘက်ကို မိုင်းသွား၀ယ်တာ။ ဟိုရောက်တော့အလောင်းလာကောက်တဲ့ကား နဲ့ ကျွန်တော်အဖွဲ့နဲ့ အုန်းတောအဖွဲ့က မိုင်းဆွဲပြီးတိုက်နေကြတာ။ ပြန်ရောက်တော့ ဆေးတပ်သူလေးကျတယ်တဲ့ဗျာ။ ကျွန်တော်ကမရှိလိုက်ဘူး။ သူကဆေးတပ်ဆိုတော့ဒဏ်ရာရရဲဘော်တွေကိုကုဖို့လိုက်တာ”ဟု မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့နှင့် အုန်းတော Dragon GZ အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များအား ရှင်းလင်းရာတွင် သေနတ်ကောင်းကောင်းမရှိသဖြင့် လက်လုပ်သေနတ်များ ၊ လက်လုပ်မိုင်၊ လက်လုပ် RPG များ အသုံးပြု၍သာ တိုက်ခိုက်နေရကြောင်း လက်နက်အင်အားမမျှသဖြင့် စစ်ဆင်ရေးများအတွင်း တပ်ဖွဲ့ဝင် ၆ ဦးအထိ ကျဆုံးခဲ့ရကြောင်း မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ ခေါင်းဆောင်မှ ပြောသည်။
၎င်းတို့အနေဖြင့် တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ရန်အတွက် အော်တိုမောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရန် လိုအပ်နေပြီး ပြည်တွင်း၊ ပြည်ပအလှူရှင်များအနေဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြရန် တိုက်တွန်းပြောဆိုထားသည်။