ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ကို ဇန်နဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ မြစ်ကြောင်းသွား ဆေးကုတဲ့ သင်္ဘောဆိုက်ကမ်းခဲ့ပြီး ဝန်ထမ်းများကို ကြိုဆိုခိုင်းတာကြောင့် Non – CDM ဝန်ထမ်းတွေ စိတ်ပျက်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဆေးကုရေယာဥ်ဆိုက်ရောက်ချိန်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးကိုကြိုဆိုခိုင်းသလို ကျောင်းသားကျောင်းသူတွေရော ဒေသခံတွေရော လာရောက်ကြိုဆိုခိုင်းခဲ့တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။

” အမှန်ဆို မိသားစုရှိလို့သာ ဆက်လုပ်နေရတာ၊ ဒီစစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့ဘူး၊ ကိုယ့်ဌာနအလုပ် မလုပ်ရဘူး၊ မရောင်ရာဆီလိုက်လူးနေရတာ၊ ကြာလာတော့စိတ်ပျက်လာတယ်”လို့ Non- CDM ဝန်ထမ်း အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေကို တံတားဆိပ် နှစ်ဖက်မှာ လူခွဲကာကြိုတိုခိုင်းပြီး ကျောင်းသား ကျောင်းသူတွေကိုတော့ တိုင်းရင်းသားဝတ်စုံတွေဝတ်ခိုင်းကာ ကြိုဆိုခိုင်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေကို ဆေးကုရေယာဥ်နဲ့လှည့်လည်သွားလာပြီး ဆိုက်ကပ်တဲ့မြို့တွေမှာ ဝန်ထမ်းတွေကို ကြိုဆိုခိုင်းပြီး တပ်သားသစ် စုဆောင်းတာတွေပါပြုလုပ်လေ့ရှိတယ်လို့ ဝန်ထမ်းတွေကပြောပါတယ်။