ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့နယ်တွေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖေဖော်ဝါရီလအတွင်းမှာ စစ်မှုထမ်းဟောင်း၊ ကြံ့ဖွံပါတီ၀င်တွေကို အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီကလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ပုသိမ်ခရိုင်အတွင်းက ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်၊ ရေကြည်မြို့နယ်တွေကို စတင်ပြီး အုပ်ချုပ်ရေးမှူးတွေကို စတင်ပြောင်းလဲဖို့ပြင်ဆင်နေတာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
” စစ်ကောင်စီက ဖေဖော်ဝါရီမှာစပြီး ပုသိမ်ခရိုင်က ၄ မြို့နယ်မှာ လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို နူတ်ထွက်ခွင့်ပေးပြီး စစ်မှုထမ်းဟောင်းနဲ့ကြံခိုင်ရေးပါတီအမာခံတွေနဲ့အစားထိုးဖို့ ပြင်ဆင်နေတာ”လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ တာ၀န်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ချို့ကလည်း နှုတ်မထွက်ခြင်ပဲ ပြန်လည်လုပ်ခွင့် ရရေးအတွက် မြို့နယ်စစ်ကောင်စီကို လာဘ်ပေးမှုများပြုလုပ်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ပုသိမ်က အစိုးရ ၂ ဆက်လုံးအုပ်ချုပ်ရေးမှုးလုပ်ခဲ့တဲ့သူက မြို့နယ်ကို သူပြန်ရရေးအတွက် သိန်း ၃၀ သွားကန့်တော့တာ၊ အဲ့ဒါကို ခုခန့်မယ့်လို့ရွေးထားတဲ့အုပ်ချုပ်ရေးမှူးကသိသွားလို့ တိုင်းအဆင့်ထိတိုင်တာတွေဘာတွေဖြစ်နေတယ်”လို့ ပုသိမ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်ခရိုင်အတွင်းမှာ NLD အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ရာခိုင်နှုန်းကို အသစ်ပြန်လည်းခန့်အပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အများစုက အုပ်ချုပ်ရေးမှူး ၄၀ ရာခိုင်နှုန်းခန့်ကို ယခင်အတိုင်းဆက်လက် တာ၀န်ထမ်းဆောင်ခိုင်းထားတယ်လို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။