ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့ရွာနှင့် အေးသာယာရွာအကြားလမ်းပိုင်း တစ်နေရာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်၌ Mark2 ကားတစ်စီးအား စစ်ဆေးရန်ရပ်တန့်ရာ အဆိုပါကားမှစတင်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Ye Guerilla Forceအဖွဲ့ထံမှ သိရသည်။
ရေး-မော်လမြိုင်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သား ၅ ဦးပါဝင်သည့် အိမ်စီးကားတစ်စီးအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့မှ စတင်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ကျော်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ဗိုလ်ကြီးဆိုသူအားအရှင်ဖမ်းမိခဲ့ပြီး ကျန် ၄ ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း YGF မှ ပြောသည်။
” စောင့်နေတာကသတင်းရလို့စောင့်နေတာပါ၊ ပစ်ခတ်မှုကတော့ စစ်ဆေးဖို့တားတဲ့အချိန်ပဲ သူတို့ဘက်ကစပစ်တာ၊ ဖမ်းဆီးရမိတဲ့ ဗိုလ်ကြီးအကြောင်းတော့ ကျွန်တော်တို့ အသေးစိတ်မသိရသေးဘူး၊ လက်ရှိမှာ ERO ဆီကိုအပ်ထားတယ်။ တစ်ခြားထွက်ပြေးသွားတဲ့သူတွေလဲ ဒဏ်ရာရသွားတာရှိမယ်။ ကျွန်တော်တို့လိုက်ရှာတော့ ဗိုလ်ကြီးတစ်ယောက်ဘဲရှာတွေ့တယ်။” ဟု Ye Guerrilla Forceပြန်ကြားရေးတာဝန်ရှိသူ စောခေတ်သစ်မှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပစ်ခတ်မှုကြောင့် အဆိုပါကားမှာ ရေမြောင်းတွင်းထိုးကျ ပျက်စီးခဲ့ပြီး ကားပေါ်ပါသူများမှာ ထွက်ပြေးသဖြင့် လိုက်လဲဖမ်းဆီးခဲ့ရာ ဗိုလ်ကြီးဆိုသူအားဖမ်းမိခဲ့ပြီး ကျန် ၄ ဦးမှာထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အမြောက်တပ် အမတ (၃၁၇)တပ်မှ လက်နက်ကြီး ၃ လုံးပစ်ကူခဲ့ပြီး ကားအားသိမ်းယူရန်စီစဉ်ခဲ့သော်လည်း စစ်ကူများလာနေသည်ဟု သတင်းရရှိသည့်အတွက် ကားအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း YGF ထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း စခန်းကြီးကျေးရွာရှိ မိုင်တဲတာဝါတိုင်အောက်ခြေရှိ ဆက်စပ်ပစ္စည်းများအား Ye Guerilla Force အဖွဲ့မှ မီးရှို့ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။