ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၅ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇန်နဝါရီလအတွင်း CDF-Paletwa၊ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF-Paletwaက ယမန်နေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ်၊ CDF-Paletwa တပ်ရင်း-၂ ထိန်းချုပ်နယ်မြေတွင် ဇန်နဝါရီလက ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဂိတ်၊ ခုံရွာ၊ ခုံရွာနှင့် ရှင်းလက်ဝအကြားတို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များဖြစ်သော (CJDC-Special Force၊ CDF-Paletwa၊ CNA)နှင့် စစ်ကောင်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲများတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ MA-1 လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆင်ရေးနယ်မြေများတွင် စစ်ကောင်စီတပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိရှိစွာ သွားလာလှုပ်ရှားကြရန် အသိပေး ထုတ်ပြန်ထားသည်။