ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ စစ်ကောင်စီမှခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး တင်ခိုင်ဆိုသူ၏ နေအိမ်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းက နေပြည်တော် မြို့ပြပြောက်ကျားအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ည ၇ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်)မှ အုပ်ချုပ်ရေးမှူးတင်ခိုင်ဆိုသူ၏ နေအိမ် ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။

“စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကို ပူးပေါင်းပါ၀င်ပြီး စာရင်းပြုစုတာတွေ၊ လူစာရင်းကောက်တာ တွေပြုလုပ်နေတဲ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေကို လှူတဲ့လူတွေ၊ ပူးပေါင်းတဲ့လူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခ ပေးနေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုကို အသေးစိတ်တော့ မသိရသေးဘူး”ဟု အဖွဲ့တာ၀န်ရှိသူ ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး တင်ခိုင် ဆိုသူမှာ ထိခိုက်မှုမရှိကြောင်းနှင့် နေအိမ်ရှိပစ္စည်းအချို့သာ ထိခိုက်ပျက်ဆီးမှုရှိကြောင်း စစ်တပ်ထောက်ခံ မီဒီယာများမှ ဖော်ပြထားသည်ကို တွေ့ရသည်။

လုံခြုံရေးအထူးတင်းကြပ်ထားသည့် နေပြည်တော် အတွင်း ယခုကဲ့သို့တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျားလှုပ်ရှားနေသူ အမျိုးသမီးတစ်ဦးမှ “ထိ ခိုက်ခြင်း၊ မထိခိုက်ခြင်းထက် မြို့ပေါ်မှာ ခုလိုမစ်ရှင်တေဖော်ဆောင်နေနိုင်တယ်ဆိုတာကို သိရင်ရပြီ။ သူတို့စိတ်ထဲ မှာ မလုံခြုံဘူးဆိုတာကို သိသွားရင်လုပ်ရကျိုးနပ်တာပါပဲ”ဟု ဧရာ၀တီတိုင်းမ်သို့ပြောသည်။