ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာတွေလုပ်လာတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မွေမြစ်ရိုးကျေးရွာနဲ့ မွေတလိုင်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဝေးက ပစ်ခတ်ပြီး ဝင်ရောက်လာသလို ရွာထဲရောက်လာချိန်မှာလည်း နေအိမ်တွေထဲက လိုချင်တဲ့ ပစ္စည်းတွေ အကုန်ယူကာ နေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အဝေးကလက်နက်ကြီးတွေနဲ့ပစ်ပြီးဝင်လာတာ၊ ရွာထဲဝင်တော့လည်း အိမ်တွေထဲက ပစ္စည်းတွေယူပြီး မီးရှို့တာ၊ ခုအိမ်ခြေအတော်များများ မီးလောင်ကုန်ပြီ၊ အကြောင်းမရှိပဲ လာလုပ်နေတာ”လို့ အသက် ၄၀ ကျော် အရွယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေက စစ်ကောင်စီတပ်သားတွေရန်ကလွတ်အောင် ရရာပစ္စည်းတွေယူပြီး ထွက်ပြေး လာရတာကြောင့် ရက်ရှည်လာရင် စားနပ်ရိက္ခာအတွက် အခက်အခဲတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။