ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်၊ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ယမန်နေ့၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က CDF-Zotung နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရကာ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း CDF-Zotung တာဝန်ခံထံမှ သိရသည်။

တိုက်ပွဲတွင် ထိခိုက်သေးဆုံးမှုများပြား‌သော စစ်ကောင်စီတပ်က ဇိုတုန်နယ်၊ တွီလောကျေးရွာနှင့် တိန်ဆီးကျေးရွာရှိ ပြည်သူ ၁၀ ဦးဖမ်းဆီးထားပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ်အသုံးပြုထားကြောင်း CDF-Zotung က ထုတ်ပြန်ထားသည်။

“မနေ့က တိုက်ပွဲနဲ့ ပက်သက်ပြီးတော့ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့နော်။ လက်နက်ကိုင်အချင်းချင်းယှဉ်ပြီး မတိုက်နိုင်တဲ့အခါမှာ ပြည်သူတွေကို ဦးတည်ပြီး ယုတ်မာလာတယ်ပေါ့နော်။ ပြည်သူတွေကိုလည်း ရှေ့တန်းကို ခေါ်သွားပြီး လူသားဒိုင်းအဖြစ်အသုံးတာကတော့ ၁၀ ဦးပါ။ ရွာထဲမှာ ဖမ်းဆီးပြီး ပိတ်လှောင်ထားတဲ့ အရေအတွက်ကျတော့ ထုတ်ပြန်တာထက် များပြားနိုင်ပါသေးတယ်”ဟု CDF-Zotung တာဝန်ခံက ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။

ဇိုတုန်နယ်ဘက်သို့ စစ်ကောင်းထိုးလာသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်များသည် မတူပီမြို့မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းရန် ဦးတည်လာခြင်းဖြစ်ကာ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း CDF-Zotung ထံမှ သိရသည်။

“မနေ့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ မလှမ်းမဝေးတဲ့ နေရာမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတဲ့အတွက် ရှေ့ဆက်တိုးလာနိုင်တဲ့အနေအထားမှာ ရှိတယ်။ ဒါကြောင့် တိုက်ပွဲကတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ CDF-Zotung ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်နှင့်အညီ ကျွန်တော်တို့က ပြည်သူလူထုတွေကို ဘေးကင်းစေချင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အသိပေးထုတ်ပြန်ချက်တွေကို အချိန်နှင့်တပြေးညီ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”ဟု CDF-Zotung တာဝန်ခံက ဆက်လက်ပြောကြားသည်။

CDF-Zotungသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေများပြားသော်လည်း တိုက်ပွဲတစ်ချို့ကိုသာ လူမှုကွန်ယက်တွင် အသိပေးထုတ်ပြန်ထားပြီး အခြေအနေအမျိုးမျိုးကြောင့် တစ်ချို့တိုက်ပွဲများကို ထုတ်ပြန်ထားခြင်းမရှိကြောင်း CDF-Zotung ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြားသလို CDF-Zotung ဘက်ကလည်း ရဲဘော်တစ်ချို့တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်တော်လှန်နေကြောင်း CDF-Zotung တာဝန်ခံက ပြောဆိုသည်။

CDF-Zotung အနေဖြင့် စစ်အာဏာရှင်စနစ်ပျက်သုမ်းသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများက CDF-Zotung ကို လက်ရှိအချိန်အထိ ဝိုင်းဝန်းထောက်ပံ့ပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် CDF-Zotung က ထပ်မံမေတ္တာရပ်ခံထားသည်။