ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက်စစ်ကောင်စီလက်အောက်ခံ ခမရ (၅၉၁) တပ်ရင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ညပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ye Special Tasks Forces ထံမှသိရသည်။

ကျောင်းရွာစံပြကျေားရွာကပ်လျက်ရှိ စစ်ကောင်စီခမရ (၅၉၁) တပ်ရင်းအား 107 mm ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ တပ်ဝင်းအတွင်းနေရာတစ်ချို့တွင်မီးလောင်ခဲ့ပြီး တပ်သားထိခိုက်မှုများရှိသော်လည်း မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိကြောင်း Ye Special Tasks Forces အဖွဲ့ထံမှ သိရသည်။

” ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တာ၊ ညကတပ်ထဲမှာ မီးလောင်နေတယ်ဆိုပြီး သတင်းကြားရတယ်။ အသေအပျောက်ကတော့ရှိနိုင်တယ်။ အတိအကျမသိရပေမယ့် ညကတည်းကအရေးပေါ်ကားတွေကို ရေးမြို့ကနေခေါ်လာတယ်လို့ မျက်မြင်တွေ့တဲ့သူတွေက သတင်းပို့လာတယ်။” ဟု Ye Special Tasks Forces တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်မှုအပြီးတွင် ခမရ (၅၉၁) တပ်ရင်းအတွင်းမှ ၆၀ မမ၊ ၄၀ မမ၊ လက်နက်ကြီးများအပြင် လက်နက်ငယ်များနှင့်ပါ ပြန်လည်ပစ်ခတ်ခဲ့ပြီး YSTF အဖွဲ့ဘက်မှ လုံခြုံစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရေးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ယနေ့အထိ ၂ ရက်အတွင်း စစ်ကောင်စီလက်အောက်ခံများအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များမှ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။