ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – နဘူးအိုင်လမ်းတွင် အိမ်စီးကားနဲ့ သွားလာနေသည့် စစ်ကောင်စီတပ်သားများ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်းအချိန်၌ နဘူးအိုင်မှ မြင်းခြံဘက်သို့ ထွက်ခွာလာစဥ် လမ်းတစ်ဝက်တွင် ပဒေသာမိုင်းများဖြင့်စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင့် ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောသည်။
“ကျွန်တော်တို့ ပဒေသာမိုင်း ခြောက်လုံးတွဲဖြင့် နဘူးအိုင်-မြင်းခြံ လမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်တပ်က နှစ်ကောင်သေပြီး ဒဏ်ရာ ရရှိခဲ့သူတွေလည်းများပါတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရှိရပါတယ်”ဟု ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့နိုင်ကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ဝင်များထံမှ သိရသည်။