ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲကို လိုင်းကြေးပေးပြီး ၂ လုံး ၃ လုံး ဂဏန်းရောင်းချဖို့ လိုင်းကြေးပေးထားသူတွေကို တိုင်းကဆင်းဖမ်း သွားတယ်လို့ သိရပါတယ်။
လိုင်းပေါ်ကနေ ၂ လုံး ၃ လုံးဂဏန်းတွေကို အခကြေးငွေ ယူပြီး လိမ်လည်ရောင်းချသူတွေဟာ မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို လိုင်းကြေးပေးထားပေမယ့် တိုင်းကနေဆင်းဖမ်းသွားတာလို့ ဒေသခံ တွေက ပြောပါတယ်။
“ သူတို့က လိုင်းပေါ်ကနေ ပိုက်ဆံယူပြီး ဂဏန်းပေးတာ၊ ကွန်ပျူတာဆိုင်မှာ ခဲခြစ်ကဒ်တွေကို အတုလုပ်ခိုင်းပြီး ပြန်လိမ်နေတာမျိုးကိုပြောတာ၊ လိုင်းကြေးပေးထားတယ် မြို့နယ်ကိုတော့၊ ဒါပေမယ့် တိုင်းကဆင်းဖမ်း သွားတာလို့” အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လိုင်းပေါ်ကနေ ၂ လုံး ၃ လုံး ဂဏန်း ငွေယူပြီး လိမ်လည်ရောင်းချနေသူတွေကို ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး အားလုံး ၃၅ ဦးဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
၂ လုံး ၃ လုံး ဂဏန်း လိမ်လည်ရောင်းချတဲ့သူတွေကို စာရင်းအတည်ကျနဲ့လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး သူတို့ကို မတွေ့ရင် မိသားစုဝင်တွေကိုပါ ဖမ်းဆီးတာမျိုး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေကို မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီးသွားသလို လက်ရှိအချိန်မှာ လပွတ္တာမြို့ပေါ်က သာသနာဗိမ္မာန်မှာ စစ်ဆေးတာတွေပြုလုပ်နေတယလို့ ဆိုပါတယ်။