ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
စစ်ကောင်စီ လက်ထက်တွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်း အတွင်း စက်ဘီး အသုံးပြုသူ များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၄၀၀ ကျော်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၂၅၀၀ ကျော်နှင့် တချို့နေရာများတွင် ကျပ် ၂၇၀၀ ကျော် ရှိနေသည်ဟုလည်း ဆိုသည်။
လက်ရှိ အခြေအနေအရ အခြေခံ လူတန်းစား မိသားစုများမှာ အခက်ခဲများဖြစ်နေရကာ နေ့စဉ်သွားလာမှုအတွက် ဆိုင်ကယ်အစား စက်ဘီးများကို အသုံးပြုမှု ပြန်လည် များပြားလာရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးက“အဓိက ကတော့ ဈေးပေါ့၊ ကျွန်တော်ဆို ဆိုင်ကယ်နဲ့ ဈေးရောင်းတာ တစ်နေ့ကို ကျပ် ၉ ထောင် ရတာ ရှိတယ်။ ၇၀၀၀ ရတာရှိတယ်။ အခုအချိန် ဓာတ်ဆီက တစ်ဘူးကို ၂၇၀၀ ဖြစ်နေတယ်။ ကျွန်တော် ဆိုင်ကယ်နဲ့သွားရင် ရမယ့် အမြတ်က ဆီဖိုးနဲ့ ကုန်ပြီ။ အခု အိမ်မှာရှိတဲ့ စက်ဘီးကိုပဲ ခြင်းတွေတပ်ပြီး အနီးနားလေးတွေမှာပဲ အရောင်းအဝယ် လုပ်နေရပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြ သည်။
စက်ဘီး ဈေးနှုန်းများမှာလည်း ယခင် ကျပ် ၆ သောင်းခန့်ရှိသော စက်ဘီးများမှာ ကျပ် ၁ သိန်းကျော်အထိ ရှိနေပြီး ဈေးနှုန်းလည်း တည်ငြိမ်မှုမရှိဘဲ နေ့စဉ် အတက်ဘက်သာ တိုးလာနေသည်ဟု ဆိုသည်။
နယ်မြို့များနှင့် ကျေးလက် ဒေသများတွင် စက်ဘီး စီးသူ များပြားလာကာ စက်ဘီး အရောင်းအဝယ်များလာသဖြင့် ခိုးယူ ခံရမှုများလည်း ပိုမိုဖြစ်ပွားလာပြီး တချို့နေရာများတွင် တစ်နေ့လျှင် ၅ စီးခန့်အထိ ပျောက်ဆုံးမှုပင် ရှိနေကြောင်းလည်း သိရသည်။
အိမ်မဲမြို့ခံ အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးက“ဈေးထဲမှာ ဟင်းချက်စရာ လာဝယ်တာ၊ စက်ဘီးကို အပြင်က ဘုန်းကြီးကျောင်းမှာ ထားခဲ့တာ၊ ၁၀ မိနစ်လောက်ပဲ ကြာမယ်၊ ပြန်ထွက်လာတော့ မရှိတော့ဘူး။ အဲဒီ နေ့မှာ အခြား စက်ဘီးတွေလည်း ပျောက်တယ်။ အကုန်ဆို ၅ စီး။ ဘေးက စက်ဘီးတွေပါ ပျောက်တာ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
စက်ဘီးခိုးယူသူများသည် ကျေးရွာများထဲအထိ ဝင်ရောက် ခိုးယူနေပြီ ဖမ်းဆီနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
ပန်းတနော်မြို့နယ်က အသက် ၃၀ ခန့် ဒေသခံ အမျိုးသား တစ်ဦးကလည်း“ကျွန်တော်တို့ ရွာမှာ ၁ ရက်နေ့ ညက တစ်ရွာလုံးမှာရှိတဲ့ စက်ဘီးတွေကို ခိုးပြီး ရွာထိပ်မှာ စုပြီး ပုံထားတယ်။ ပြီတော့ တစ်စီးပဲ ခိုးသွားတယ်။ သယ်ဖို့ပဲ မလွယ်တာလား၊ လူမိသွားတာလားတော့မသိဘူးဗျ။ ဒီအတိုင်း အပုံလိုက်ကြီး ထားခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်ဘီး အခိုးခံရမှုများမှာ ဇန်နဝါရီလ အတွင်းက ပိုမိုဖြစ်ပွားလာကာ အိမ်မဲ၊ ဝါးခယ်မ၊ ကျောင်းကုန်း မြို့များတွင် သိသိသာသာ ဖြစ်ပွားနေပြီး အိမ်မဲ မြို့မဈေး အနီးတွင် ဇန်နဝါရီ ၁၃ ရက်နေ့က စက်ဘီး ၅ စီး တစ်ပြိုင်နက် အခိုးခံခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။