ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းမကြီးကို ရဲတပ်ဖွဲ့က PDF တွေ ကိုကြောက်ပြီး တစ်နှစ်ကြာအောင် ပိတ်ထားတာကြောင့်
သွားရေးလာရေး အခက်တွေ့နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။
“အဲ့လမ်းက ဘိုကလေးမြို့မရဲစခန်းရှိတဲ့လမ်းပါ။ အဲ့စခန်းမှူးညွန့်လှိုင်ဆိုတဲ့လူပြောင်းလာပြီးကတည်းက PDFလာပစ်မှာကြောက်လို့ဆိုပြီးပိတ်ထားတာ။ စခန်း၀င်းကို ပိတ်တယ်ဆိုတော်သေးတယ်။ ခုကအများပြည်သူသွားလာနေတဲ့လမ်းကိုတက်ပိတ်ထားတာ။ မြို့ကိုတစ်ပါတ်ကြီးပြန်သွားနေရတာအဆင်မပြေဘူးတစ်နှစ်ကျော်နေပြီ”လို့ အသက် ၄၀ အရွယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဘိုကလေးမြို့မရဲစခန်းမှာ စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲမှူးညွန့်လှိုင်ဆိုသူဟာ မအူပင်မြို့မရဲစခန်းကနေ ၂၀၂၂ ခုနှစ် မေလမှာ ပြောင်းရွှေ့လာသူဖြစ်ပြီး သူပြောင်းလာပြီးနောက်ပိုင်းမှာ PDF များမှ ရဲစခန်းကို၀င်ရောက်တိုက်ခိုက်မှာစိုးပြီး စခန်းကို ပတ်လည်မှာ ဝါးခြံစီးရိုးတွေကာပြီး လူအများသွားလာနေတဲ့အဓိကကြတဲ့ကမ်းနားလမ်းမကြီးကို ဘယ်ရီဂိတ်တွေချကာ ပိတ်ဆို့ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒုရဲမှူး ညွန့်လှိုင်ဟာ မအူပင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်စဥ်က နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီ ၄င်း၏နေအိမ်တွင် ရဲတပ်သားသစ်အဖြစ် စုဆောင်းခြင်းခံထားရသူ မူးယစ်ဆေးတရားခံ မင်းမင်းထက် ဆိုသူ သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ဘိုကလေးမြို့ကိုပြောင်းရွှေ့ခိုင်းခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူများထံမှ သိရပါတယ်။
ဒုရဲမှူး ညွန့်လှိုင်ဟာ ဘိုကလေးမြို့မရဲစခန်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေစဥ်အတွင်းမှာလည်း ဒေသခံပြည်သူတွေကို နေ့စဥ် ဖမ်ဆီးငွေညှစ်နှိပ်စက်တာတွေ ၊ငွေကြေးမပေးနိုင်ပါက ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အလားတူ ဧရာ၀တီတိုင်းစစ်ကောင်စီရုံးစိုက်ရာ ပုသိမ်မြို့အစိုးရရရုံးရှေ့လမ်းကိုလည်း အာဏာသိမ်းစဥ်ကာလကတည်းက ယနေ့အချိန်အထိ ၂ နှစ်နီးပါးကြာအောင် ပိတ်ဆို့ထားတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ၂၆ မြို့နယ်က ရဲစခန်းရှေ့တွေမှာ အများပြည်သူသွားလာရာလမ်းတွေကို ပိတ်ဆို့ထားတာမျိုးမတွေ့ရပဲ ဘိုကလေးမြို့ တစ်မြို့ထဲသာ ခုလိုလမ်းကိုပိတ်ဆို့ထားတာလို့ ကုန်တင်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောပါတယ်။