နွေဦးမောင် / ဧရာဝတီတိုင်းမ်
(မုံရွာ) / ဖေဖော်ဝါရီ ၄ ရက်
စစ်ကိုင်းတိုင်း ဒေသတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းများ ဆားလင်းကြီး မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာမှု များလာကြောင်း တော်လှန်ရေး အင်အားစုများ ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ က ပုလဲမြို့နယ်ကနေ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဆားလင်းကြီးမြို့နယ်ထဲက တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပူသိမ်မုံရွာလမ်းပေါ်မှ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၇ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဏ်ရာ ရရှိမှု ဖြစ်ပွားထားသည်။
အဆိုပါ စစ်ကြောင်းမှ ထိခိုက်သေဆုံးသူများအား ကားဖြင့် ပြန်လည် သယ်ယူသွားပြီး ယနေ့ နံနက်ပိုင်းတွင် ဆားလင်းကြီး မြို့နယ် ဝဲကွဲကျေးရွာသို့ ဝင်ရောက် စခန်းချနေရာယူထားကြောင်း၊ အခြားကျေးရွာများမှာလည်း စစ်ကောင်စီတပ်များ စစ်ကြောင်း လှည့်ပတ်နေကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် အသက်၂၅ နှစ်ရှိ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို အခြေနေပေးလျှင် ပေးသကဲ့သို့ တိုက်ခိုက်သွားမည် ဖြစ်ပြီး စစ်ကောင်စီ တပ် နှင့် နည်းစပ်ရာ နေရာများတွင် မနေထိုင်ကြရန်၊ သေနတ်သံ၊ လက်နက်ကြီးသံများ ကြားပါက ဘေးလွတ်ရာသို့ ရှောင်ရှား ပေးကြရန် ဒေသခံများကို သတိပေးထားသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များအား စစ်သား အင်အား အများအပြားနှင့် စစ်ကြောင်း ထိုးနေခြင်းကြောင့် တော်လှန်ရေး အင်အားစုများနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများလည်း ဖြစ်နေကြောင်း သိရသည်။
ထိုတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ကျေးရွာပေါင်း ၂၀ ကျော်အထိ ရှိနေပြီး ဒေသခံပြည်သူ ၃၀၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာနေရာမှာ ရှောင်ရှားနေကြရကြောင်း၊ စားဝတ်နေရေး အခက်ခဲများနှင့် ရင်ဆိုင်နေကြရကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း ၁၁ မြို့နယ် အပါအဝင် နိုင်ငံတဝန်း တိုင်း နှင့် ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာချက် ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။