ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၃ ရပ်ကွက်၊ ဘုရင့်နောင် (၁၀)လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

နံနက် ၆ နာရီ၀န်းကျင်တွင် ရာအိမ်မှူး မင်းဇော်ဆိုသူသည် ထမင်းကြော်ဆိုင်ဖွင့်ရန် ဆိုက်ကား ဖြင့်လာစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယာဉ်တစ်စီးပေါ် မှ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြိုခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

“သူက ဆိုင်ဖွင့်ဖို့ ဆိုက်ကားငှားပြီး ထွက်လာတုန်းမှာ ပစ်ခံရတာ။ ရာအိမ်မှူးက ခေါင်းကိုမှန်သွားတယ်၊ ဆိုက်ကားသမားက ဗိုက်ကိုသေနတ်မှန်တယ်။ ရာအိမ်မှူးကတော့ သေသွားပြီ”ဟု အသက် ၃၀ ကျော် အရွယ် ‌မြို့ခံအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ပစ်ခတ်မှုကြောင့် ရာအိမ်မှူးမင်းဇော်နှင့်အတူ ဆိုက် ကားနင်းသူ ရန်နိုင်စိုး၏ ၀မ်းဗိုက်ကိုပါ သေနတ်ထိမှန်ကြောင်း သိရှိရပြီး လက်ရှိတွင် ဆိုက်ကားသမားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်သည်ကိုမူ သီးခြား အတည်ပြု၍ မရသေးပေ။

အလားတူ ပစ်ခတ်မှုမျိုး ယမန်နေ့က လှိုင်မြို့နယ်၊ ၁ ရပ်ကွက်တွင် စစ်တပ်ကို သတင်းပေးနေသည့်အပြင် စစ်တပ်မှအာဏာ သိမ်းခဲ့သည့် ၂ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် တပ်ထောက်ခံပွဲပြုလုပ်ရာတွင် ရှေ့ဆုံးမှဦးဆောင်ပါ၀င်ခဲ့သည့် လူအေးဆိုသူလည်း သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။