ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ထီးဆောင်းစခန်းကို ဖေ​ဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး သေနတ် MA – 3 (၁) လက်၊ ကျည်ဆံများနှင့်အခြားပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းနိုင်ခဲ့သည့် စခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့် ရှိသည့် စခန်းဖြစ်သဖြင့် တပ်ရင်း ၄ ရင်း ပေါင်းစည်း၍ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁ နာရီမှ စတင်ပြီး တိုက်ခိုက်ခဲ့ရကြောင်း Zero ပြောက်ကျားအဖွဲ့ထံမှသိရသည်။

“ကျွန်တော်တို့က မနက် ၁ နာရီလောက်ကစပြီး တိုက်ခိုက်တာ ၃ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်ခဲ့တယ်၊ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေနဲ့ ကျန်တဲ့သူတွေက ထွက်ပြေးကြတယ်၊ MA-3 သေနတ်(၁)လက်၊ ၅•၅၆ ကျည် (၁၈) တောင့်၊ Carbone တစ်လက်၊ ကျည်ဘောက်(၃)ခု၊ကာဘိုင်ကျည်(၁၀၄)တောင့်၊ 9ball (ကိုးလုံးကျည် (၇၆)တောင့်Jummerစက်(၂)လုံး၊ကျည်ကာအင်္ကျီ (၁)ထည်၊စစ်ယူနီဖောင်း(၂)စုံ၊စစ်ဖိနပ်(၃)ရံနှင့်စစ်ဦးထုပ်(၃)လုံးတို့ကို သိမ်းဆည်းရရှိတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဧရာတီတိုင်းမ်သို့ ပြောသည်။

ခုသိမ်းနိုင်ခဲ့သည့် စခန်းသည့် ဖေဖော်ဝါရီလ အတွင်း ပထမဆုံးသိမ်းနိုင်သည့် စခန်းဖြစ်ပြီး နောက်ထပ်တိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးဖို့အတွက် ၎င်းမှ ဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော်၂ ဦးဒဏ်ရာရ(မစိုးရိမ်ရ)ကာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရသိရသည်။

ယခုစခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်း (၇) မြင်းခြံခရိုင်၊ ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း (၁၉) ရွှေဘိုခရိုင်တပ်ရင်း (၂) စစ်ကိုင်းခရိုင်၊တပ်ခွဲ (၂) GTR (မြင်းမူ)နှင့် တပ်ရင်း (၁) ကျောက်ဆည်ခရိုင်၊နဂါးနီ (ကျောက်ဆည်)တို့မှ တပ်ရင်း(၄)ရင်းမဟာမိတ်ပူးပေါင်း အဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။