ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းရွာ စစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်မီးရှို့ပြီးနောက် ထီးဆောင်းရွာစစ်စခန်းမှ ထွက်ပြေးလာသည့် ဒလန်တစ်ဦးကို ဘိန်းဖြူများနှင့်အတူ တောထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီခန့်က မြင်းမူ မြို့နယ် စစ်ကိုင်းမုံရွာ လမ်းမပေါ်ရှိ ထီးဆောင်းရွာစစ်စခန်းကို PDF ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ သိမ်းပိုက်ပြီးနောက် ထီးဆောင်းရွာစစ်စခန်းမှ ဘိန်းဖြူသုံး၍ ထွက်ပြေးလာသည့် ဒလန် မှတ်ကြီးကို မြေအောက်လျှပ်စီးတပ်ဖွဲ့မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တောတွင်း၌ ဖမ်းဆီရမိခဲ့ကြောင်း မြေအောက်လျှပ်စီး ပြောက်ကျား တပ်ဖွဲ့ ထံက သိရသည်။

“ဒီကောင်ကြောင့် ဒီနားကရွာတွေမီးရှို့ခံနေရတာပါ။ မိတော့ ဒီကောင်က ဘိန်းဖြူသုံးထားပါတယ်။ ဒီကောင့်ဆီက ဘိန်းဖြူတစ်ထုပ်ရယ် ၊ ဝါယာကြိုးတွေရယ်၊ အခြားပစ္စည်းတွေရယ်မိထားပါတယ်” ဟု မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ မှ ဖမ်းဆီရမိထားသည့် ဒလန်မှတ်ကြီးကို ပြည်သူများ၏ ဆန္နအတိုင်း ဆောင်ရွက်သွားမည်ဟု ကိုမုန်တိုင်းက ဆိုသည်။

မြင်းမူ မြို့နယ်၊ စစ်ကိုင်း-မုံရွာ လမ်းပေါ်ရှိ အင်အား ၄၀ ရှိသော စစ်ကောင်စီတပ်စခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့်မဟာမိတ် အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ကျန်စစ်ကောင်စီ တပ်သားများ ထွက်ပြေး သွားကြောင်းသိရသည်။