ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေး(Martial Law)စနစ်တွင် စစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြေညာခဲ့သည့် နယ်မြေများရှိ သက်ဆိုင်ရာစစ်တိုင်းမှူးများအား အမြင့်ဆုံးအာဏာဖြစ်သည့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရအပ်နှင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်အုပ်ချုပ်ရေးကြေညာချက်အရ သက်ဆိုင်ရာစစ်တိုင်းမှူးများက ၎င်းတို့၏နယ်မြေအတွင်းတွင် အမြင့်ဆုံးလုပ်ပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်ရရှိပြီး ဥပဒေအကြောင်းအရ တရားစီရင်ခြင်းပင်မရှိတော့ကာ ပြည်သူများအပေါ်တွင် ပိုမိုဖိနှိပ်လာနိုင်ပြီး လူ့အခွင့်အရေးအနေနှင့်လည်း လုံးဝရရှိခြင်းရှိတော့မည်မဟုတ်ကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။
“စစ်တိုင်းမှူးတွေရဲ့လုပ်ပိုင်ခွင့်က ခြေဥ ၄၁၉ အရလွှဲလိုက်ပြီဆိုရင် မာရှယ်လောရဲ့သက်ရောက်မှုကရှိသွားပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝလှည့်ကြည့်စရာမလိုတော့ဘူး။ စစ်တပ်ကမာရှယ်လောမထုတ်တဲ့အချိန်မျိုးမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ထိုက်သင့်သလောက်သွားနေလို့ရပေမဲ့ မာရှယ်လောထုတ်လိုက်ပြီဆိုရင် စစ်တိုင်းမှူးတစ်ယောက်ရဲ့အာဏာက သူ့တိုင်းတစ်ခုလုံးမှာဆိုရင် နိုင်ငံတော်ရဲ့ စစ်ကောင်စီဥက္ကဌအဆင့်ထိကို ရှိသွားပြီ။ သူကြိုက်သလို စီရင်ပိုင်ခွင့်ရှိသွားပြီ။” ဟု Legal Aid Myanmarမှ တရားလွှတ်တော်ရှေ့နေတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်အုပ်ချုပ်ရေးစနစ်အရ စစ်တိုင်းမှူးများက ၎င်းတို့ကိုယ်တိုင် ဥပဒေများ၊ ပြစ်ဒဏ်များ ချမှတ်နိုင်ကာ ပြည်သူများအနေဖြင့် အယူခံပိုင်ခွင့်မရှိပဲ ၎င်းတို့မှပြစ်မှုများကျူးလွန်ပါကလည်း ပြန်လည်တရားစွဲပိုင်ခွင့် ရှိမည်မဟုတ်ကြောင်း သိရသည်။
“ဒီမာရှယ်လောအရ စစ်တိုင်းမှူးတွေကဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေချမှတ်လို့ရတယ်၊ ဥပမာ ဒီမိုကရေစီစနစ်တစ်ခုမှာဆိုရင် ဥပဒေတစ်ခုချမှတ်မယ်ဆို အဆင့်ဆင့်နဲ့အချိန်ယူပြီးချမှတ်ရတယ်၊ ခုလိုကျ စစ်တိုင်းမှူးတွေက သူတို့ပြောလိုက်သမျှ သူ့စီရင်ပိုင်ခွင့်ဖြစ်သွားပြီ၊ ဥပဒေဆိုတာက ရှိတောင်မရှိတော့ဘူး။” အဆိုပါတရားလွှတ်တော်ရှေ့နေမှ ဆက်လက်ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန်လိုက်သည့် အမိန့်အရ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ် နှင့်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)တို့ အုပ်ချုပ်မှုနယ်မြေရှိ မြို့ပေါင်း (၃၇) မြို့အား စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်ခဲ့ခြင်ဖြစ်သည်။