ဧရာဝတီတိုင်မ်း
ဖေဖော်ဝါရီလ ၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အခြေစိုက် ဗိုလ်သံမဏိ ဦးဆောင်သော သံမဏိ Force MPDF Battalion အဖွဲ့ မှ တော်လှန်ရေးအတွက်မှာယူထားသည့် စစ်လက်နက်ပစ္စည်း သိန်း ၄၀၀၀ ကျော်ကို အတွင်းသတင်းပေါက်ကြားမှု့ကြောင့် ပုဂံဘုရားများကြားတွင် ဖမ်းဆီးခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရသည့်အတွက် သံမဏိ Force MPDF Battalion အဖွဲ့၏ အမှားများကို ပြန်လည် စိစစ်ပြီး သတင်းပေးလုပ်ဆောင်သူများကို ပြန်လည် စစ်ထုတ်၍ တော်လှန်မှုများကို အကောင်းဆုံး ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဖွဲ ခေါင်းဆောင် ဗိုလ်သံမဏိ ထံက သိရသည်။
“ကျွန်တော်တို့တော်လှန်ရေးသမားတွေ အတွက်ကတော့ ပျံနေတဲငှက်ကို အတောင်ချိုးခံရသလိုတော့ ခံစားရတာပေါ့။ ကျွန်တော်တို့ အခုလိုဖြစ်ပျက်မှု အပေါ်ခံစားချက်ရှိပေမယ့် ကျွန်တော်တို့ အကောင်းဆုံးပြန်ကြိုးစားဖို့ ပြန်ပြီး ပြင်ဆင်ထားပါတယ် “ဟု သံမဏိ Force MPDF Battalion အဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ က ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့က သံမဏိ Force MPDF Battalion မှ တော်လှန်ရေး အတွက်မှာယူထားသည့် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ညောင်ဦးမြို့နယ် ၊ အာနန္ဒာဘုရားအနီးတွင် အတွင်းသတင်းပေးတစ်ဦးကြောင့် သယ်ဆောင်လာသူ လူနှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရသိရသည်။
“ဆုံးရှုံးမှုအတွက် တာဝန်ခံရမယ့်သူတွေလည်း ရှိတာပေါ့။ ဘယ်သူ့ကြောင့်ဆိုတာတော့ မပြောချင်ပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ ကျွန်တော်တို့သိထားပြီးပါပြီ။ နောက်နောင်ခုလို ခွေး(စစ်ကောင်စီ)လက်ထဲ မပါဖို့တော့ ကျွန်တော်တို့ သေချာစိစစ်ပြီး လုပ်ဆောင်သွားမှာပါ ခင်ဗျ “ဟု ဗိုလ် သံမဏိ က ပြောသည်။
အတွင်းသတင်းပေးမှု့ကြောင့် သံမဏိ Force MPDF Battalion အဖွဲ့မှ မှာယူထားသည့် 60-mm ကွန်မန်ဒိုစိန်ပြောင်း နှစ်လက် ၊ 40-mm နှစ်လက် ၊ M4A4 နှစ်လက် ၊ AK-47 သုံးလက်၊ 5.56 ကျည် ၅၆၀၀ ၊ 7.62 ကျည် ၇၅၀၀ ၊ 9-mm ကျည် ၃၀ ဖာ၊ 45-mm ကျည် ၂၅ ဖာ ၊ 60-mm အဖူး ၃၀ လုံး ၊ 40-mm အဖူး ၄၅ လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများ ဆုံးရှုံခဲ့ရသည်။