ဧရာဝတီတိုင်းမ်
(မီဇိုးရမ်)၊ ဖေဖော်ဝါရီလ ၄ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ အိုင်းဇောလ်မြို့တွင် ယနေ့ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ရန်စီစဥ်ထားသည့် မြန်မာပြည်သူများ၏ အသံတိတ်သပိတ်လမ်းလျှောက်ခြင်းအစီအစဉ်ကို မီဇိုးရမ်ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေးသော်လည်း အိန္ဒိယနိုင်ငံ ဗဟိုအစိုးရမှ ပိတ်ပင်တားမြစ်ခြင်းကြောင့် အသံတိတ်သပိတ်ကို ဖျက်သိမ်းလိုက်ရကြောင်း အိုင်းဇောလ်အခြေစိုက် Network For Myanmar ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နှင့် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများကို လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ မီဇိုးရမ်အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးက မြန်မာနိုင်ငံသားများကို ကောင်းမွန်စွာ လက်ခံကြိုဆိုစောင့်ရှောက်မှုတို့ကို ကျေးဇူးတင်သည့်အနေဖြင့် ပိုစတာကိုင်ဆောင်ကာ အသံတိတ်သပိတ်လမ်းလျှောက်ခြင်းအစီအစဉ်ပြုလုပ်ရန် Network For Myanmar က ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အသံတိတ်သပိတ်နဲ့ ပတ်သက်ပြီး မီးဇိုးရမ်အစိုးရကလည်း ခွင့်ပြုချက်ပေးတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကလည်း ခွင့်ပြုချက်ပေးတယ်။ နံနက် ၇ နာရီကနေ ၉ နာရီအထိပေါ့။ ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ အသံတိတ်သပိတ်လမ်းလျှောက်မယ့်အစီစဉ်အတွက် အိုင်းဇော်မြို့၊ DC ကနေ ခွင့်ပြုချက်ရတာနဲ့ ရဲတပ်ဖွဲ့ကနေ လုံခြုံရေးဆောင်ရွက်ပေးမယ့်ကိစ္စတွေ ဖုန်းဆက်လာတယ်။ တစ်ဆင့်တစ်ဆင့်ကနေ ဗဟိုအစိုးရဘက်ကို သတင်းပေါက်ကြားသွားတယ်”ဟု Network For Myanmar ဥက္ကဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီဇိုးရမ်ပြည်နယ်အစိုးရက ခွင့်ပြုပေးထားသော်လည်း မီဇိုးရမ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ မျက်နှာမပျက်ဘဲ နောက်ပိုင်းတွင် အခြားအစီအစဉ်ကောင်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန်၊ မီဇိုးရမ်ပြည်နယ်အလုပ်လုပ်ကိုင်နေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေးကို ရှေးရှုပြီး ယခုအသံတိတ်သပိတ်အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း Network For Myanmarဉက္ကဌက ပြောဆိုသည်။

ယင်းကဲ့သို့ အသံတိတ်သပိတ်အစီအစဉ်ကို ဖျက်သိမ်းရသော်လည်း ပြည်သူလူထုရင်ထဲတွင် မက်ဆေ့တစ်ခုပေးနိုင်ပြီး အောင်မြင်မှုတစ်ခုဟု သတ်မှတ်ကာ ပြည်သူများ၏ ပြင်ဆင်မှု၊ ပါဝင်မှု၊ လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည့် အတွက် အားရကျေနပ်ကြောင်း အသံတိတ်သပိတ်စီစဉ်သူများက ဆိုသည်။

“ဒီနေ့ မနက်ဆိုရင် အစီအစဉ်ပျက်သွားတဲ မသိလိုက်ရတဲ့အတွက် သွားပြီးတော့ စုမိသွားတယ်ပေါ့နော်။ အစီအစဉ်ပျက်သွားတဲ့အကြောင်းကို သိတော့ မိမိအိမ်ကို ပြန်သွားကြတယ်။ အားလုံးက တော်လှန်ရေးစိတ်ဓာတ်ရှိတယ်။ အစီအစဉ်ပျက်သွားတာဟာ ဆုံးရှုံးသွားတာ မဟုတ်ဘူး။ အခုလိုမျိုး ဆန္ဒပြပွဲလုပ်မယ်။ အသံတိတ်သပိတ်တွေ လုပ်မယ်ဆိုတဲ့အခါ ပြည်သူတွေက အသံတွေ ပြန်ထွက်လာတယ်”ဟု အသံတိတ်သပိတ် ပြုလုပ်မည့်စုရပ်သို့ သွားရောက်ခဲ့သည့် အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီဇိုးရမ်ပြည်နယ်၊ အိုင်းဇော်မြို့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်အစီအစဉ်ဖျက်သိမ်းရမှုအပေါ် ပြည်သူလူထုအနေဖြင့် စိတ်ဓာတ်ကျသွားစရာမဟုတ်ပဲ သင်ခန်းစာတစ်ခုအနေဖြင့် မှတ်ယူကာ ဒေသခံများ၊ NGOအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လက်ရှိအစီအစဉ်ထက် ပိုမိုကောင်းမွန်မည့် ပြည်သူတစ်ရပ်လုံးပါဝင်နိုင်သော အစီအစဉ်တစ်ခုကို ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း Network For Myanmarထံမှ သိရသည်။

ပုံ-မဏိပူမှာ မြန်မာစစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးနေသည့် အာသံရိုင်ဖယ်တပ်။