ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက စားသောက်ဆိုင် ပိုင်ရှင်မျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ ရွှေရောင်လင်း စားသောက်ဆိုင်ရှင်ပိုင်ရှင် အမျိုးသမီးဟာ ည ၁၁ နာရီလောက် မှာ နောက်အိမ်ထောင်ပြုထားတဲ့ အမျိုးသားနဲ့ စကားများရန်ဖြစ်ရာကနေ အသတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူနောက်အိမ်ထောင်ကျတာ မကြာသေးဘူး၊ အဲ့လူက ဆေးသုံးတယ်၊ အဲ့ညကလည်း ဆေးဖိုးတောင်တာ မပေးလို့ ရန်ဖြစ်ကြတာ၊ ခါတိုင်လို ရန်ဖြစ်ပြီး ပြီးသွားမယ်လို့ထင်ကြတာ မနက်မှသေနေတာသိရတာ”လို့ ဒေသခံ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အသတ်ခံရသူ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးမှာ မမိုင်ဖြစ်ပြီး ပထမ အိမ်ထောင် ဦးပေါ်ဦးနဲ့ ကွဲပြီး နောက် အိမ်ထောင်နဲ့နေထိုင်စဉ် ခုလိုမျိုး အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို သတ်ခဲ့တဲ့ နောက်အိမ်ထောင် အမျိုးသားကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး ပထမအိမ်ထောင် ဦးပေါ်ဦးကိုတော့ နာရေးလာတဲ့အချိန်မှာ အမည်မသိ အဖွဲ့က ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။