ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

စစ်ကိုင်တိုင်း ၊ ဆားတောင်မြို့နယ်တွင် စစ်ကိုင်းတပ်မ (၃၃) မှ ထွက်လာသည့် စစ်ကားကို ယနေ့ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့နှင့် အုန်းတော PDF အဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတပ်မ ၃၃ မှထွက်လာသည့် စစ်ကောင်စီတပ်သားအင်းအား ၂၀ ပါ စစ်ကားကို ဆားတောင်မြို့နယ် ၊ ဆားတောင်အုန်းတောလမ်းတွင် ပွိုင့် ၂ ပွိုင့် သတ်မှတ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကောင်တွေ(စစ်ကောင်စီတပ်) မနေ့က ကံတလူဂိတ်မှာ သူတို့လူ အပစ်ခံရတဲ့အတွက် ဒီနေ့ ဂိတ်ကို စစ်ဖို့ လာတာ။ ကံတလူ မှာ ယာဥ်ထိန်းရဲ ၊ ရခ(ရဲတပ်သား) နဲ့ စခ(စစ်ကောင်စီတပ်သား) ၁၅ ယောက်ချခဲ့တယ်။ ပြီးတော့ အုန်းတောဘက်ကို ပြန်မောင်းအလာ ကျွန်တော်တို့ ပွိုင့်နားအရောက်မှာ မိုင် ၂ လုံးခွဲတယ်။ ၃ ယောက်လောက်သေတယ်ဗျ။ သူတို့ဘက်က အော်တိုနဲ့ ကျည်တစ်ကဒ် ကုန်အောင် ပြန်ပစ်တယ်။ အုန်းတောအဖွဲ့ပွိုင့်အရောက်မှာ ထပ်ပြီး မိုင်းဆွဲခံရတယ်။ ၄ ယောက်လောက် ထပ်သေတယ် ပြောတယ်။ ဒုတိယပွိုင့်အရောက်မှာ သေနတ်သံမကြားရတော့ဘူး” ဟု မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ တိုက်ခိုက်မှုကို မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့နှင့် အုန်းတော PDF အဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ဘက်မှ ထိခိုက်ကျဆုံးမှု့ မရှိဟု သိရသည်။

မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလအတွင်း မစ်ရှင် ၄ ခု ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်ဗိုလ်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။