ဧရာဝတီတိုင်မ်း
(ရေး)၊ ဖေဖော်ဝါရီလ ၄ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သည့် Mytelတာဝါတိုင်အား ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် မီးရှို့ခဲ့ကြောင်း Ye Guerrilla Forceအဖွဲ့ထံမှ သိရသည်။

ရေးအခြေစိုက် အဖွဲ့တစ်ခုဖြစ်သည့် YGFအဖွဲ့သည် သံဖြူဇရပ်ရှိ စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် ဧရိယာအတွင်းရှိ ဆက်သွယ်ရေးအထိုင်စက်၊ မီးစက်နှင့်အခြားဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်ရဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ မိုင်တဲတာဝါတိုင်က ဆက်စပ်ပစ္စည်းတွေကိုဖျက်ဆီးခဲ့ပါတယ်။ နောက်ဆက်တွဲတော့ဘယ်လိုဖြစ်တယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့နဲ့က ပြန်ဆုတ်ရာမှာလဲဝေးတော့ မီးရှို့ပြီးတာနဲ့ပြန်လာခဲ့တာပါ။ တာဝါတိုင်ကိုဖောက်ခွဲခဲ့တာမျိုးမဟုတ်ဘဲ မီးသွားရှို့ခဲ့တာပါ” ဟု YGF အဖွဲ့ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေးမြို့နယ်အား ‌စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးမည်ဟု ဖေဖော်ဝါရီလ ၂ ရက်နေ့၌ စတင်ကြေညာခဲ့ပြီးနောက် ရေးအခြေစိုက်‌တော်လှန်ရ အဖွဲ့တစ်ခုဖြစ်သည့် YGFမှ မိုင်တဲတာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယမန်နေ့ဖေဖော်ဝါရီလ ၃ ရက်နေ့၌ပင် ရေးမြို့နယ် ချောင်းတောင်ရွာတံတားထိပ်ရှိ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ရေးမြို့နယ်အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်သည့် Ramonya Guerrilla Force မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။