ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျမင်္ဂလာ (၂)လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်အချိန်က စစ်တပ်သတင်းပေး လူအေးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့နယ်နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ပစ်ခတ်ခံရသည့် လူအေးဆိုသူသည် လှိုင်မြို့နယ်တွင်းရှိ ပြည်သူများ၏ လူဦးရေစာရင်းများ လိုက်လံ ကောက်ယူရာတွင်ပါ၀င်ပြီး စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင်ပါ၀င် လှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
“လူအေးက အရန်မီးသတ်တပ်ဖွဲ့ထဲလည်းပါတယ်။ စစ်တပ်ထောက်ခံပွဲဆိုလည်း သူရှေ့ဆုံးက၊ လူဦးရေ စာရင်းကို စစ်တပ်နဲ့ရဲတွေလိုက်ကောက်တော့လည်း သူပါတာပဲ။ စစ်တပ်သတင်းပေးလုပ်နေတာပေါ့။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အလုပ်မှန်သမျှ အားတက် သရော လုပ်နေတဲ့သူပေါ့ဗျာ”ဟု မြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
၎င်းကို သူ့နေအိမ်တိုက်ခန်း လှေကားမှ ဆင်းလာစဉ် လူနှစ်ဦးမှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်မြို့ပြပြောက်ကျားအဖွဲ့မှ လုပ်ဆောင်သည်ကို သီးခြားအတည်ပြု၍မရသေးပေ။