ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ ဖေဖော်ဝါရီလ ၃ ရက်
စစ်ကောင်စီသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များအား စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာချက်ဖြင့် ချင်းကာကွယ်ရေးတပ်များ ၇၉ ရာခိုင်နှုန်း စိုးမိုးထားသည့် ချင်းပြည်နယ်ကို ထိန်းချုပ်၍ရနိုင်မည် မဟုတ်ဟု ချင်းလဲန်းပူးတွဲ ကာကွယ်ရေးကော်မတီ(CJDC)က ဧရာ၀တီတိုင်းမ်း သတင်းဌာနကို ဖြေကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲဖြင့် ချင်းပြည်နယ်ရှိ ဟားခါးမြို့၊ မတူပီမြို့၊ ထန်တလန်မြို့၊ ကန်ပက်လက်မြို့၊ ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့တို့ကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာ၍ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)တိုင်းမှူးကိုအာဏာလွှဲအပ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှ တဆင့် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် မင်းတပ်မြို့ကိုမူ ယခင် ၂၀၂၁ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်သည်။
“ချင်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေး(မာရှယ်လော)ထုတ်တာနဲ့ မထုတ်တာတွေက ကျွန်တော်တို့ ပြည်သူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေအတွက်တော့ အတူတူပါပဲလို့ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစကတကနေ ကျွန်တော်တို့ ချင်းပြည်နယ်ကို လုံးဝထိန်းချုပ်လို့ မရဘူးပေါ့နော်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေက မြို့တွင်းနဲ့ တပ်ကုန်းတွေ နေရာတစ်ချို့ပဲ သူတို့ထိန်းချုပ်ထားတယ်။ မာရှယ်လောဘယ်လောက်ပဲ ထုတ်ထုတ်ကျွန်တော်တို့အတွက်တော့ နဂိုပုံမှန်အတိုင်း ပါပဲ”ဟု ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)မှ GS က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်နှင့် ကျေးရွာပေါင်း ၁၆၀ ကျော်ရှိပြီး လူဦးရေအရ အခြေချနေထိုင်မှုကို တွက်ချက်ကြည့်ပါက ၂၁ ရာခိုင်နှုန်းသာ မြို့ပေါ်တွင် နေထိုင်ကြပြီး ကျန် ၇၆ ရာခိုင်နှုန်းသည် ကျေးရွာများတွင် နေထိုင်ကြကြောင်း ချင်းလဲန်း ပူးတွဲကာကွယ်ရေးကော်မတီထံက သိရသည်။
ချင်းပြည်နယ်၏ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုအခြေအနေတွင်လည်း ချင်းကာကွယ်ရေး တပ်များက ၇၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်အနေဖြင့် မြို့တွင်း တစ်ခုကိုသာ ထိန်းချုပ်ထားကြောင်း ကာကွယ်ရေးတပ်များထံက သိရသည်။
“ပလက်ဝမှာလည်း မာရှယ်လောထုတ်တာရော၊ မထုတ်တာရောက ဘာထူးခြားမှုရှိမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ပလက်ဝမြို့နယ်ဘက်မှာ CDF-ပလက်ဝတွေလည်း လှုပ်ရှားမှုရှိပါတယ်။ အာဏာမသိမ်းခင်က ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီ တပ်တွေ မနှစ်ကတည်းက စစ်ဖြစ်ထားတော့ မာရှယ်လောထုတ်ထားလောက်တဲ့အထိ တော်တော်ခံရတဲ့ မြို့ဖြစ်တယ်ပေါ့နော်။ AA ခေတ်ကတဲ့က ပင်ပန်းခဲ့တာကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်”ဟု ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)မှ GSက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ထပ် ၆ လသက်တမ်းတိုးကာ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး စစ်ကောင်စီတပ်များ ထိန်းချုပ်၍ မရနိုင်သည့် နယ်မြေများတွင် ထိန်းချုပ်နိုင်ရန် ကြိုးစားလာနိုင်သည့်အတွက် ချင်းကာကွယ်ရေးတပ်များနှင့် စစ်ရေးအရ ပိုမိုတင်းမာလာနိုင်ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။