ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ငှက်ကိုင်းထောင်ရန်သွားသည့် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး ဗုံးသီးတစ်လုံး ပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ခမောင်းဆိပ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ်ရှိ ငါးတန်းကျောင်းသား မောင်ကျော်စိုးဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်က ရွာနှင့် မိုင်ဝက်ခန့်ဝေးသည့် ခမောင်းဆိပ်ဗျူဟာကုန်းသို့ ငှက်ကိုင်းထောင်ရန်သွားစဉ် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးမာကပြောသည်။
” သူတယောက်တည်း ဆိုင်ကယ်နဲ့သွားတာ။ ဆိုင်ကယ်ကို အောက်ကရပ်ထားခဲ့ပြီး တက်သွားတာ။ အဲဒီအချိန်မှာပေါက်ကွဲတာ။ ပေါက်သံကြားတာနဲ့ရွာသားတွေလိုက်သွားတော့ သေနေပြီ။ အဲဒီဗျူဟာက ရဲနဲ့စစ်သားတွေလည်းရောက်လာပြီးမှတ်တမ်းတွေယူသွားတယ်။ သူတို့ပြောတာကတော့ ဒါကမြှုပ်ထားတဲ့မိုင်းမဟုတ်ဘူး။ မိုင်းဆ်ိုရင် တကိုယ်လုံးတစစီဖြစ်သွားမှာ။အခုဟာက ဗုံးသီးလို့ပြောတယ်။ ဗုံးသီးကိုဓားနဲ့ခေါက်ကြည့်လို့ ကွဲတာလို့ပြောသွားတယ်” ဟု ပြောသည်။
အဆိုပါ ခမောင်းဆိပ်ဗျူဟာကုန်းမှာ ရွာနှင့်နီးသည့်အတွက် ရွာမှ
ကလေးများမှာ ငှက်ကိုင်းထောင်ရန် မကြာခဏသွားလေ့ရှိကြောင်းနှင့် ယခုကလေးငယ်သေဆုံးသည့် နေရာအနီးတွင်လည်း ဘန်ကာတခုရှိကြောင်း ရွာသားများ၏ပြောဆိုချက်အရ သိရသည်။
” ကျမသားလေးသေနေတဲ့အနားမှာ ဘန်ကာတခုရှိတယ်။အဲဒီဘန်ကာမှာ ပုံမှန်နေ့တွေဆို ရဲနဲ့စစ်သားတွေအလှည့်ကျကင်းစောင့်တယ်။ဒါပေမဲ့အဲဒီအချိန်က ဘယ်သူမှမရှိဘူး။မေးကြည့်တော့လည်း အသံပဲကြားလိုက်တယ် ဘာမှမသိဘူးလို့ပဲ ငြင်းကြတယ်။ပြီးတော့ ကျမသားလေးသေနေတာကို အပေါ်ကစခန်းတွေကကြည့်ရင်းလည်း အကုန်မြင်နေရတဲ့ဟာကို သူတို့ဘာမှမမြင်လိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ပြီးတော့ လူတွေအများကြီးသွားလာတုန်းက ဘာမှမဖြစ်ဘဲ အခုမှအဲ့ဒီဗုံးသီးက ရုတ်တရက်ရောက်လာတာလဲပေါ့။ကျမထင်တာကတော့ ဗုံးသီးက တိုက်ပွဲကာလအတွင်းက ကျန်ခဲ့တာမဟုတ်ဘဲ သူတို့အပေါ်ကနေ ပစ်ချလ်ိုက်တာလို့ပဲ ထင်တယ်” ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးမာက ဆက်လက်ပြောဆိုသည်။
အဆိုပါ ခမောင်းဆိပ်ဗျူဟာကုန်းတွင် ယခင်တိုက်ပွဲကာလများက စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်AAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း ရွာသားများ၏ပြောဆိုချက်အရ သိရသည်။
သေဆုံးသူ မောင်ကျော်စိုး၏အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့ နေ့လယ်ပိုင်း ၃ နာရီအချိန်ခန့်တွင် ခမောင်းဆိပ်ရွာ
သုဿန်၌ သဂြိုလ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။