ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ မြို့လယ်လမ်းမတွင် ရဲစခန်းသို့ ဆိုင်ကယ်ဖြင့်ပြန် လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းတွင် မြို့ပြပြောက်ကျားအဖွဲ့က ပစ်သတ်၍ G-3 သေနတ် ၁လက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည်ဆံ ၉တောင့် သိမ်းယူရရှိကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီခန့်က ဆိုင်ကယ်ဖြင့် စခန်းသို့ပြန်လာသည့် အဆိုပါရဲတပ်သားကို မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံက သိရသည်။
“အဲ့ဒီ ရဲတပ်သားက မြို့လယ်မိန်းလမ်းမကြီးကနေ စခန်းကို ဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန်မှာ မြို့နယ်(ပကဖ)နဲ့UGအဖွဲ့တွေက ရှင်းလင်းခဲ့တာပါ။ နေရာတင် ပွဲချင်းပြီး သေတယ်။ ရာထူးနဲ့နာမည် အတိကျကိုတော့ မသိရသေးဘူး။ အလောင်းကို စစ်ကောင်စီတပ်တွေက လာသယ်သွားတယ်ဗျ။ မနေ့က ကျွန်တော်တို့မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာသွားတယ်။ အခုကသက်သေပဲ။ ကျွန်တော်တို့က ကျေးရွာတွေတင် သာမကဘဲ မြို့ပေါ်အထိ စိုးမိုးနိုင်တယ်ဆိုတာ ပြပေးတာပါဗျ” ဟုခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သိမ်းဆည်းရမိသည့် လက်နက်၊ ကျည်ဆံ နှင့် ကျည်ဘောက်များကိုရွှေဘိုခရိုင် အမှတ် (၂) ကွပ်ကဲရုံးသို့ အပ်နှံသွားမည် ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်း မှန်ပြန်ကြားရေး အဖွဲ့ထံက သိရသည်။
ယနေ့ ပြောက်ကျားစစ်ဆင်ရေးကို မြို့နယ် ပကဖ နှင့် မြို့ပြ ပျောက်ကြား (UG)အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#Ayeyarwaddy_Times