ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၃ ရက်

အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာသည့်စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီးကို PDF များပျက်ကျအောင် ပစ်ချနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နေ့လည် ၃နာရီ ၄၅ မိနစ် ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုများမှ ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟုNUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – ပုံအဟောင်းအားအသုံးပြုထားသည်။(စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်တစ်စီး မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ကျေးရွာများအား ပစ်ခတ်တိုက်ခိုက်နေစဥ်။)