ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဖေဖော်ဝါရီလ ၃ ရက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာတွင် ပျူစောထီး ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ တပ်က ကျေးရွာ အထက်တန်း စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ စစ်ကောင်စီ သတင်းပေး ပျူစောထီး အဖွဲ့ဝင် ဦးအောင်နိုင်ဦး ဆိုသူဖြစ်ပြီး သူ့ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်အချိန်က အမည်မသိ လက်နက်ကိုင် လူတစ်စုက ပစ်ခတ်တိုက်ခံပြီး သေဆုံးသွားခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

ပျူစောထီး အောင်နိုင်ဦးက ရေခဲရောင်းသမားပါ။ သူက မနက်အစောကြီး ရေခဲယူဖို့ ထားဝယ်ကို အသွားလမ်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာဟု ညောင်ဇင် ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ယင်းပျုစောထီး အဖွဲ့ဝင် အောင်နိုင်ဦး သေဆုံးပြီးနောက် ညောင်ဇင် ကျေးရွာ စာသင်ကျောင်းသို့ စစ်ကောင်စီတပ်များ မွန်းလွဲ ၁၂ နာရီခွဲခန့် အချိန်တွင် ရောက်ရှိလာကြပြီး စာသင်ကျောင်းကို စတင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။

စစ်တပ်က ရောက်လာပြီးတာနဲ့ မီးစတင် ရှို့တာပဲ။ သူတို့ မီးရှို့နေတာကို ဒေသခံတွေက အိမ်ထဲကနေ ထွက်ကြည့်တာကို ဘာတွေ လာကြည့်နေကြတာလဲ။ အကုန်ပစ်သတ်လိုက်မယ်လို့ ပြောကာ ကျွန်တော်တို့ကို လက်နက်ငယ်များနဲ့ ပစ်ခတ် ခဲ့တာပါ။ ကျွန်တော်တို့လည်း ကြောက်ပြီး အိမ်ထဲကိုဝင်ပြီး အိမ်တံခါးတွေကို ပိတ်နေလိုက်ရတယ်ဟု အခြားသော ဒေသခံ တစ်ဦးကလည်း ပြောသည်။

ထိုသို့ စစ်ကောင်စီ တပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စာသင်ကျောင်းသည် မီးလောင်ပျက်စီးကာ ပြာကျသွားခဲ့သည် ဟုလည်း ဆိုသည်။

အဆိုပါ မီးလောင်သွားသည့် ညောင်ဇင်ရွာ စာသင်ကျောင်းသည် တက်ရောက်နေသော ကျောင်းသား မရှိသည့်အပြင် ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများလည်း မရှိသောကြောင့် ပိတ်ထားရသည်မှာလည်း ကြာပြီ ဖြစ်ကြောင်းလည်း သိရသည်။
#Ayeyarwaddy_Times