ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဖေဖော်ဝါရီလ ၃ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြံခိုင်ရေးပါတီဝင်ကိုယ် စားလှယ်လောင်း ဦးကိုကိုလေး ပစ်သတ်ခံခဲ့ရပြီးနောက် ပေါင်ရပ်ကွက်အတွင်းရှိ အသက်အရွယ် ကြီးရင့်သူ အပြစ်မဲ့ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကြံ့ခိုင်ရေးပါတီဝင်ဦးကိုကိုလေးနှင့် တစ်ရပ်ကွက်တည်း‌တွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူများဖြစ်သည့် အသက် ၆၀ အရွယ် ဦးပိန် ၊ အသက် ၅၀ အရွယ် ဦးချိုဦး နှင့် အသက် ၇၀ အရွယ်ရှိ (အမည်စုံစမ်းဆဲ) အဖိုးအို တစ်ဦးတို့ကို စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အခုက အပြစ်မဲ့ပြည်သူတွေကိုဖမ်းသွားတာ။ ဦးကိုကိုလေးနဲ့တစ်ရပ်ကွက်ထဲနေတဲ့သူ ၃ ယောက်ပါ။ အားလုံးကလည်း အသက်ကြီးပိုင်းတွေပါ။ ပစ်ခတ်မှုမှာကလည်း လူငယ် ကလာပစ်သွားတယ်ဆိုတာ ရှင်းလင်းနေတာပဲ။ မျက်မြင်တွေလည်းရှိသလို ပစ်ခတ်မှု ဗီဒီယိုဖိုင်ကို ကြည့်ရင်လည်းသိသာနေတာပဲ။ ဒီလိုအပြစ်မရှိတဲ့ ဒေသခံတွေကို ဘာဖြစ်လို့ ဖမ်းတာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး” ဟု အသက် ၅၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပေါင်ရပ်ကွက်တွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ပေါင်မြို့နယ်၊ အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကိုကိုလေးသည် စစ်ကောင်စီ‌ အုပ်ချုပ်ရေးပိုင်းများအားထောက်ပံ့ခြင်း၊ သတင်းပေးတိုင်ကြားခြင်းများ ပြုလုပ်သောကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားပြီးဖြစ်သည်။

ပေါင်မြို့နယ်အတွင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ၎င်းတို့မစ်ရှင်ပြုလုပ်ခဲ့သည့် ရုပ်သံ၊ ဓာတ်ပုံနှင့် ထုတ်ပြန်ချက်များကို ထုတ်ပြန်လေ့ရှိသည်။ ထိုသို့ ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင်ရှိ အပြစ်မဲ့ပြည်သူများကို မတရားစွပ်စွဲ ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။