နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)/ဖေဖော်ဝါရီ ၃ ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အေးကုန်းကျေးရွာမှ ဆားလင်းကြီးမြို့နယ် ကျိုင့်ခမောက်ကျေးရွာ၊ ကံကြီးတောကျေးရွာ၊ အောင်ချမ်းသာကျေးရွာများမှ တစ်ဆင့် ဆားလင်းကြီးမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါ စစ်ကောင်စီ တပ်သည် ပုလဲ မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာသည်ဟု ကြားသိရ၍ ၎င်းတို့က လမ်းကနေ ဖြတ်ပြီး မိုင်းဆွဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည် ဟုလည်း ဓားမဆိုင်း တပ်မတော် ခရိုင် (၂၈) ၏ အထူး တိုက်ခိုက်ရေး အဖွဲ့မှ ဗိုလ်ထွဋ္ဋ်ခေါင်က ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
“ဗိုလ်ထွဋ္ဋ်ခေါင်ကပုလဲ မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတာ ကြားရလို့ ကိုယ်တွေ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက လမ်းကနေ စောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်လိုက်တာ ၅ ယောက်သေတယ်၊ ၁၀ ယောက်ကျော်လောက် ထိခိုက်တာကို တွေ့ရတယ်။ အခုချိန်ထိတော့ အလုပ်တွေ ရှုပ်နေသေးတယ်ဗျ။ သူတို့ သေတဲ့ အလောင်းတွေကို ကောက်နေတာ မပြီးသေးဘူး” ဟုလည်း ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ စက်သေနက်များနှင့် မရပ်မနား ပစ်ခတ်ပြီး အလောင်းများ နှင့် ဒဏ်ရာ ရသူများကို သယ်ကြောင်း၊ လက်နက်အင်အား မမျှသော်လည်း အခွင့်ရေးပေးလျှင် ပေးသကဲ့သို့ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
စစ်ကိုင်းတိုင်အတွင်းရှိ မြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တော်လှန်ရေး အင်အားစုများ အနေဖြင့် ပိုမိုဂရုစိုက်ပြီး စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
စစ်ကောင်စီ ထုတ်ပြန်သော စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် ဒေသများသည် တော်လှန်ရေး အင်အားစု အများစုက ထိန်းသိမ်းထားပြီးသား နေရာများ ဖြစ်နေကြောင်း၊ လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များကို ကြေညာချက် ထုတ်ပြန်သူများက လာရဲသလားဟု မေးပေးစေချင်ကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။