ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကြောင်း LPDFအဖွဲ့ထံက သိရသည်။

အရာတော်မြို့နယ်၊ သစ်ကြင်းကြီး ကျေးရွာတွင်အထိုင်ချနေသည့် အင်းအား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်နေ့ မွန်းလွဲ ၁နာရီ၃၀ မိနစ်ခန့်တွင်
ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဒရုန်းဖြစ် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီရွာက ပျူစောထီး တွေရှိတယ်ဗျ။ ကျွန်တော်တို့အဖွဲ့ ဒရုန်းလေးလုံး၊ ရှော့ဒုန်းသုံးကြိမ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့(စစ်ကောင်စီတပ်)ဘက်က ၂ယောက်သေပြီး ၂ယောက် ဒဏ်ရာရတယ် လို့သိရတယ်ဗျ။ သူတို့ဘက်က ပြန်လည်ပြီး ပစ်ခတ်ပေမယ့် ကျွန်တော်တို့တွေ အထိခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု LPDFအဖွဲ့ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များရှိသည် နေရာများကို တတ်နိုင်သမျှ ရှောင်ရှားရန် အသိပေးထားပြီး ယင်း မစ်ရှင်တွင် ဒရုန်းတစ်စင်း ပျက်စီးခဲ့သောကြောင့် ဝိုင်းဝန်း ကူညီပေးကြရန် LPDFအဖွဲ့ ဒရုန်းတာဝန်ခံက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ Ngwe Dwin Revolution Force(NDRF)၊ MRTFတပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့် မိုင်းမင်းသားမြေအောက် ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။